နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၄ ရက်

စစ်အာဏာသိမ်းပြီးနောက်ပိုင်း အိမ်နီးချင်းနိုင်ငံများနှင့် အာဆီယံ၏ ဖယ်ကြဉ်ခြင်းခံထားရသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် မလေးရှားနိုင်ငံသို့ လာမည့် အောက်တိုဘာ ၉ ရက်တွင် သွားရောက်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါခရီးစဉ်သည် လူသားချင်းစာနာမှုကို အကြောင်းပြကာ အာဆီယံအတွင်း ပြန်လည်ဝင်ဆံ့နိုင်ရန်နှင့် ဝါဒဖြန့်ရန်အတွက် ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်ကြောင်း နိုင်ငံရေးနှင့် စစ်ရေးအကဲခတ်များက ထောက်ပြကြသည်။

မြန်မာနိုင်ငံမှ မလေးရှားနိုင်ငံသို့ ရောက်ရှိနေသည့် ဒုက္ခသည်များနှင့် နေရပ်စွန့်ခွာရသူများကို ပြန်လည်လက်ခံခေါ်ယူရေးကိစ္စရပ်များ ဆွေးနွေးရန်အတွက် ယခုကဲ့သို့ သွားရောက်မည်ဖြစ်ကြောင်း မလေးရှားအစိုးရဘက်က ထုတ်ဖော်ပြောဆိုထားသော်လည်း ရွေးတုအစိုးရဘက်ကမူ လက်ရှိအချိန် အထိ တရားဝင် ထုတ်ပြန်ကြေညာလာခြင်း မရှိသေးပေ။

မလေးရှားရောက် မြန်မာဒုက္ခသည်များကို ပြန်လည်လက်ခံရန် တောင်းဆိုလာမှုအပေါ် ၎င်းတို့လိုလား နေသည့် နိုင်ငံတကာ တရားဝင်မှု ရရှိရေးအတွက် အပေးအယူလုပ်ကာ သွားရောက်ခြင်းမျိုး ဖြစ်ကြောင်း စစ်ရေးအကဲခတ်များက သုံးသပ်သည်။

“ဘယ်နိုင်ငံကဖိတ်ဖိတ် သူတို့တောင်းဆိုတာတွေကို လိုက်လျောပြီး တရားဝင်မှုပြဖို့ သွားလည်ရဖို့အရေး ငါ့အရေးဆိုပြီး သွားနေတဲ့ပုံစံမျိုးဆိုတော့ ဒါက နိုင်ငံအတွက် ကောင်းမှာမဟုတ်ဘူး။ ဒီအပေါ် သူ့အနေနဲ့ တရားဝင် အသိအမှတ်ပြုတဲ့ သဘောပဲလို့ မှတ်ယူနေတယ်” ဟု CDM ဗိုလ်ကြီး ညီသုတက ဧရာဝတီ တိုင်းမ်ကို သုံးသပ်ပြောသည်။

ပြီးခဲ့သည့် ၂၀၂၅ အတုအယောင် ရွေးကောက်ပွဲမှတစ်ဆင့် အသွင်ပြောင်း ရွေးတုသမ္မတ ရယူခဲ့သည့် စစ်ခေါင်းဆောင်သည် နိုင်ငံတကာ၏ ပိတ်ဆို့ဒဏ်ခတ်မှုများနှင့် ဖိအားများကို ကျော်လွှားရန်အတွက် ဖိတ်ခေါ်ရာနိုင်ငံများသို့ ဆက်တိုက်သွားရောက်လျက်ရှိရာ ယခုခရီးစဉ်သည် မလေးရှားအပါအဝင် စုစုပေါင်း ရှစ် နိုင်ငံမြောက်နှင့် အာဆီယံအတွင်း လေး နိုင်ငံမြောက် ဖြစ်လာမည်ဖြစ်သည်။

သို့သော် ဤကဲ့သို့သော ခရီးစဉ်များကြောင့် လက်တွေ့တွင် မည်သည့်ပြောင်းလဲမှုမျှ ဖြစ်လာစရာမရှိ ကြောင်း လေ့လာသုံးသပ်သူများက ဆိုသည်။

“ဒီအတွက် ဘာမှလည်း ပြောင်းလဲလာစရာ မရှိဘူး။ ဘာကတိတွေ ပေးလာလာ ပြန်ရောက်ရင် လိုက်နာ မှာလည်း မဟုတ်သလို သွားရပြီးရော သဘောမျှသာ” ဟု နိုင်ငံတကာအရေး လေ့လာသုံးသပ်သူ ဦးလှစိုးဝေက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

လက်ရှိတွင် မလေးရှားနိုင်ငံရှိ ထိန်းသိမ်းရေးစခန်းများတွင် ဖမ်းဆီးပြစ်ဒဏ်ကျခံနေရသော မြန်မာ ဒုက္ခသည်များအနက် ပထမအသုတ်အဖြစ် ၁,၄၇၆ ဦးကို ရွေးတုအစိုးရက စစ်ရေယာဉ်များဖြင့် ပြန်လည် ခေါ်ယူနေပြီဖြစ်ပြီး ၎င်းတို့ထဲတွင် အမျိုးသား ၁,၃၇၀ ဦး၊ အမျိုးသမီး ၇၉ ဦးနှင့် ကလေးသူငယ် ၂၇ ဦး ပါဝင်ကြောင်း သိရသည်။ ထို့အပြင် ဒုတိယအသုတ်အနေဖြင့် ကျန်ရှိနေသေးသည့် မြန်မာဒုက္ခသည် ၃,၅၂၄ ဦးကိုလည်း ဆက်လက်ခေါ်ယူရန် စီစဉ်ထားသည်။

သို့သော် ထိုသို့ ပြန်လည်ခေါ်ယူလာသည့် ဒုက္ခသည်များကို ယာယီစစ်ဆေးရေးစခန်းများသို့ ပို့ဆောင်ကာ စစ်မှုထမ်းရန်အတွက် အဓမ္မ စုဆောင်းရန် ပြင်ဆင်နေကြကြောင်း သတင်းများထွက်ပေါ်နေပြီး၊ ပြည်တွင်းရှိ လက်ရှိ ပဋိပက္ခနှင့် လုံခြုံရေးအခြေအနေများကြောင့် အသက်အန္တရာယ်ကြီးမားစွာ ရင်ဆိုင်ရမည်ကို ကုလသမဂ္ဂဆိုင်ရာ အဖွဲ့အစည်းများနှင့် လူ့အခွင့်အရေးအဖွဲ့များက အထူးစိုးရိမ်ပူပန် ကြောင်း ဝေဖန်ပြစ်တင်ထားသည်။

ဓာတ်ပုံ – MOI