ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၄ ရက်

 

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်တွင် မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းသည့်အတွက် တောင်ကျ ချောင်းရေများ မြင့်တက်ကာ ရွာချင်းဆက်လမ်းများ ပျက်က်စီးပြီး လူငယ်တစ်ဦး ပျောက်ဆုံးနေကြောင်း ဒေသခံများထံမှ သိရသည်။

 

ဖလမ်းမြို့နယ်တွင် စက်တင်ဘာ ၃၀ ရက်ကတည်းက မိုးသည်းထန်စွာ ရွာသွန်းခဲ့ခြင်းကြောင့် Fanai ချောင်းအတွင်း ငါးသွားဖမ်းကြသည့် လေလိတ် (Leilet) ရွာမှ လူငယ်လေးဦးမှာ မိုးရုတ်တရက် ရွာချလာပြီး တောင်ကျရေများ ကြီးတက်လာသဖြင့် သစ်ပင်ပေါ်သို့ တက်ရောက်ခိုလှုံခဲ့ကြရသည်။ ထိုသို့ ခိုလှုံနေစဉ် ရေစီးသန်လာမှုကြောင့် ကမ်းပါးပြိုကျကာ သစ်ပင်ပါ လဲကျသွားခဲ့ခြင်းဖြစ်သည်။

“Leilet ရွာက လူငယ် လေးယောက် ချောင်းမှာ ညအိပ် ငါးဖမ်းသွားကြတယ်။ ညဘက် မိုးက ရုတ်တရက် ရွာချလာပြီး တောင်ကျချောင်းရေက ကြီးတော့ လူငယ်တွေက သစ်ပင်ပေါ် တက်ခိုလှုံကြတယ်။ ရေစီးသန်တော့ ကမ်းပါးပြိုပြီး သစ်ပင်ပါ လဲကျသွားတာ” ဟု ဖလမ်းဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ် ကို ပြောသည်။

 

အဆိုပါ သစ်ပင်ပြိုလဲကျစဉ် လူငယ်သုံးဦးမှာ အချိန်မီ ကမ်းသို့ ကပ်နိုင်ခဲ့သော်လည်း အသက် ၁၆ နှစ် အရွယ်ရှိ Tv. Thanthawmliana မှာမူ ရေစီးနှင့်အတူ မျောပါသွားခဲ့ပြီး ယနေ့အချိန်ထိ ပျောက်ဆုံး လျက်ရှိကာ ရှာဖွေမှုများ ပြုလုပ်နေဆဲဖြစ်သည်။

ထို့အပြင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဖလမ်းမြို့နှင့် ရိဒ်ခေါဒါရ်မြို့ကို ဆက်သွယ်ထားသည့် ကားလမ်းပိုင်းအပြင် ကျေးရွာချင်းဆက်လမ်းများနှင့် တံတားများပါ မြေပြိုကျပျက်စီးခဲ့ရာ ဒေသတွင်း သွားလာရေး လမ်းပန်းဆက်သွယ်မှုများ ပြတ်တောက်နေကြောင်း သိရသည်။

 

“ဖလမ်း – ရိဒ်လမ်းပိုင်းမှာလည်း မိုးတွေရွာလို့ မြေပြိုကျပြီး လမ်းတွေ၊ တံတားတွေ ပျက်စီးတယ်။ ကျေးရွာတွေဘက်မှာ ရွာချင်းဆက်လမ်းတွေလည်း မြေပြိုကျပြီး လမ်းတွေ ပျက်စီးနေတယ်။ တချို့လမ်းတွေက ရွှံ့တွေဗွတ်တွေနဲ့ သွားလို့မရဘူး။ လောလောဆယ် ဖလမ်းမှာ လမ်းတွေ ပြတ်တောက်နေကြတယ်” ဟု အခြားဒေသခံတစ်ဦးက ဆိုသည်။

 

စက်တင်ဘာ ၃၀ ရက်မှစတင်၍ ရွာသွန်းခဲ့သော မိုးကြောင့် ဖလမ်းမြို့နယ်အပြင် အနီးရှိ ထန်တလန် မြို့နယ်တွင်လည်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ပြီး ကားလမ်းများ မြေပြိုပျက်စီးခြင်းနှင့် လယ်ဧကအမြောက်အမြား ရေနစ်မြုပ်ပျက်စီးခဲ့ရကြောင်း သိရသည်။

 

ပုံစာ-၊ ဖလမ်းမြို့နယ်ရေကြီးနေသည့် မြင်ကွင်း။