ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၄ ရက်

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် လူသေဆုံးမှုတွေ၊ ပျက် စီးဆုံးရှုံးမှုတွေ ဖြစ်ပေါ်ခဲ့တဲ့အပေါ် အာဆီယံအဖွဲ့ အလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံက စိုးရိမ်ကြောင်း ပြော ကြားလိုက်ပါတယ်။

ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာဆီယံရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး အာနာ မာရီဟာနန်ဒိုက ဒီဖြစ်စဉ်ကို အနီးကပ် စောင့်ကြည့်နေပြီး သေကျေဒဏ်ရာရရှိမှုတွေအတွက် စိုးရိမ်ပူပန် ကြောင်း သတင်းထောက်တွေရဲ့ မေးမြန်းမှုကို အီးမေးလ်မှတစ်ဆင့် ဖြေကြားခဲ့ပါတယ်။

ဖိလစ်ပိုင်နိုင်ငံက အာဆီယံအဖွဲ့ဝင် နိုင်ငံတွေရဲ့ သဘောထားများကို ထည့်သွင်းစဉ်းစားမှာဖြစ်ပြီး အာဆီယံ ဘုံသဘောတူညီချက်အတိုင်း ဆက်လက်ဆောင်ရွက်မယ်လို့ သူက ဆိုပါတယ်။

မြန်မာနိုင်ငံသားတွေ ကိုယ်တိုင် ဦးဆောင်ပြီး အဖြေရှာရေးမူအတိုင်း မြန်မာနိုင်ငံကို ကူညီနိုင်မယ့် နည်းလမ်းတွေကို အာဆီယံအဖွဲ့မှာ ဆွေးနွေးနိုင်ရေး ကူညီပေးဖို့ အသင့်ရှိတယ်လို့ ၎င်းက ဆက်ပြောပါ တယ်။

စက်တင်ဘာ ၂၈ ရက်နေ့က ကျောက်တော်မြို့နယ်မှာ မြန်မာစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု ကြောင့် လူ ၅၀ ဉီး သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့ပါတယ်။

အဆိုပါတိုက်ခိုက်မှုဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက မြောက်ဉီးဆေးရုံ ဗုံးကြဲခံရမှုပြီးနောက် ရခိုင် ပြည်နယ်မှာ ထိခိုက်သေဆုံးမှု အများဆုံး လေကြောင်းတိုက်ခိုက်မှု ဖြစ်ခဲ့ပါတယ်။

၂၀၂၁ ခုနှစ်မှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတစ်ဝန်း တိုက်ပွဲတွေ ပြင်းထန် စွာ ဖြစ်ပွားနေပါတယ်။

အာရက္ခတပ်တော် (AA) အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ တော်လှန်ရေးတပ် ဖွဲ့တွေက အာဏာသိမ်း မြန်မာစစ်တပ်ကို ခုခံတိုက်ခိုက်နေပါတယ်။

နှစ်ရှည်လများ ဖြစ်ပွားနေတဲ့ မြန်မာပြည်တွင်း ပဋိပက္ခကြောင့် သေဆုံးသူ ၁ သိန်းနီးပါး ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

မြန်မာနိုင်ငံတစ်ဝန်း တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင် ၃ ဒသမ ၅ သန်းကျော်အထိ ရှိလာခဲ့ပြီလို့ သိရပါတယ်။

အာဆီယံ အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းက မြန်မာ့အရေးနဲ့ ပတ်သက်လို့ အဖြေရှာနိုင်ဖို့ ဆောင်ရွက်နေပါတယ်။

News: Reuters/Straits Times
Ref; Philippines voices concern over Myanmar air strike deaths, injuries