ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၃ ရက်
ရွေးတုသမ္မတမင်းအောင်လှိုင်၏အစိုးရအဖွဲ့တွင်ပါဝင်သည့် ဦးမောင်မြင့်နှင့် ဦးခင်မောင်စိုးတို့ကို ဌာနအပြောင်းအရွှေ့လုပ်လိုက်ကြောင်း သိရသည်။
ယနေ့ အောက်တိုဘာ ၃ ရက် ကြေညာ ချက်အရ အလုပ်သမားဝန်ကြီးအဖြစ် တာဝန်ယူနေသူ ဦးခင်မောင်စိုးအား ယဉ်ကျေးမှု၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနသို့ ပြောင်းလဲခန့်အပ်လိုက်ပြီး၊ ဦးမောင်မြင့်အား အလုပ်သမားဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီးအဖြစ် နေရာအစားထိုး ခန့်အပ်လိုက်ခြင်းဖြစ်သည်။
ဦးခင်မောင်စိုးနှင့် ဦးမောင်မြင့်တို့သည် ဦးသိန်းစိန်အစိုးရလက်ထက်တွင် ဝန်ကြီးတာဝန်ယူခဲ့သူများဖြစ်ပြီး ကြံ့ခိုင်ရေးပါတီ၏ သက်တော်ရှည်များလည်းဖြစ်ကြသည်။

ပြည်ပရောက်အလုပ်သမားများ၏ ပြန်ပို့ငွေ ၂၅ ရာခိုင်နှုန်းရရှိရေးအတွက် ဦးမင်းအောင်လှိုင်ဦးဆောင်နေသည့် ရွေးတုအစိုးရက အတင်းအကြပ်ဆောင်ရွက်နေသည့်အတွက် ပြည်ပသို့အလုပ်သမားပို့သည့် အေဂျင်စီများကို အမည်ပျက်စာရင်းသွင်းမှုများကို ဦးခင်မောင်စိုးက ပြုလုပ်ထားသည်။
ထို့အပြင် မလေးရှားသို့ လူပို့ခွင့်ကိုလည်း အခွင့်ထူးခံပေးထားသည့်အတွက် ပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုအေဂျင်စီများကြားတွင် အငြင်းပွားမှုများဖြစ်ခဲ့ပြီး အခွင့်ထူးခံရထားသည့် အေဂျင်စီများကို အသင်းမှ ထုတ်ပေးခဲ့သည်။
အလုပ်သမားဝန်ကြီးဌာနနှင့်ဆက်စပ်နေသည့် ပြည်တွင်းတွင် ကြုံတွေ့နေရသည့် အလုပ်သမားများ၏ အခြေခံလစာနှင့် အလုပ်အကိုင်အခွင့်အလမ်းဆုံးရှုံးမှုတို့အပြင် ပြည်ပထွက်ခွာခွင့် ကန့်သတ်ချက်များလည်း ရှိနေသည်။
ထို့အပြင် ခရီးသွားကဏ္ဍမှာလည်း ပျက်စီးနေပြီး မျှော်မှန်းသလို ဖြစ်မလာသည့်အတွက် ယခုကဲ့သို့ လူအပြောင်းအလဲ ပြောင်းလုပ်ခြင်းဖြစ်ကြောင်း သုံးသပ်မှုများရှိသည်။