ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၃ ရက်

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံ မုံရွာခရိုင် အမှတ် (၁၅) တပ်ရင်းမှူး ပျံလွှား (ခ) ဝေဇင်အောင်သည် ငွေကျပ်သိန်းတစ်ရာကျော်နှင့်အတူ စစ်တပ်ထံရောက်ရှိသွားပြီးနောက် ချောင်းဦးတွင် လေကြောင်းတိုက်ခိုက်ခံရပြီး ဒေသခံအချို့ သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

မုံရွာခရိုင် အမှတ် (၁၅) တပ်ရင်းမှူး ပျံလွှား (ခ) ဝေဇင်အောင်သည် အောက်တိုဘာလ ၁ ရက်နေ့က မုံရွာ – ချောင်းဦး လမ်းပိုင်းရှိ စွမ်းရည်ထက် စက်သုံးဆီဆိုင်တွင် အခြေစိုက်ထားသည့် စစ်တပ်ထံ သွားရောက်ပူးပေါင်းခဲ့ခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်အချို့က ပြောသည်။

သို့ရာတွင် ပျံလွှားအနေဖြင့် ဖမ်းဆီးခံရခြင်းကြောင့် စစ်တပ်လက်ထဲရောက်သွားနိုင်ကြောင်းလည်း သုံးသပ်ပြောဆိုမှုများရှိသည်။

ပျံလွှား၏ဖြစ်စဉ်အပြီး အောက်တိုဘာ ၂ ရက်နေ့တွင် စစ်တပ်က ချောင်းဦးမြို့နယ်အတွင်းရှိ ကျေးရွာအချို့ကို ဂျက်ဖိုက်တာနှင့် MI-35 တိုက်ခိုက်ရေး ရဟတ်ယာဉ်များ အသုံးပြု၍ လေကြောင်းတိုက် ခိုက်မှု အနည်းဆုံး ရှစ် ကြိမ်ထက်မနည်း ဆက်တိုက် ပြုလုပ်ခဲ့သည်ဟု သိရသည်။

ဒေသတွင်း တော်လှန်ရေး ခေါင်းဆောင်တစ်ဦးက “မုံရွာခရိုင် ၁၅ ရင်းမှူးတစ်ယောက်က ပိုက်ဆံထုတ်ပြီး ခွေးနဲ့ ပေါင်းသွားတာ၊ ပစ်မှတ်တွေကို လေကြောင်းအုပ်လိုက် လာနိုင်ချေရှိတယ်” ဟု ဧရာဝတီတိုင်းမ်ကို ပြောသည်။

လက်ရှိတွင် အဆိုပါ ဘက်ပြောင်းမှုနှင့် သတင်းအချက်အလက် ပေါက်ကြားမှုများကြောင့် စစ်တပ်၏ လေကြောင်းမှ ထပ်မံတိုက်ခိုက်နိုင်ခြေများအတွက် ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့များ သတိထား လှုပ်ရှားနေကြရကြောင်း သိရသည်။