‎ဧရာဝတီတိုင်းမ်
‎အောက်တိုဘာ ၃ ရက်
‎
‎ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နှင့် အနီးနားရှိ ကျေးရွာများကို စစ်တပ်က ယနေ့ အောက်တိုဘာ ၃ ရက် နံနက်အစောပိုင်းတွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် အရပ်သား နှစ် ဦး သေဆုံးပြီး ၁၂ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။
‎
‎ယနေ့ အောက်တိုဘာ ၃ရက်၊ နံနက် တစ်နာရီမှ နှစ်နာရီအတွင်း စစ်တပ်က Y-12 လေယာဉ်ဖြင့် ရသေ့တောင်မြို့ပေါ်နှင့် ပတ်ဝန်းကျင်ကျေးရွာများသို့ ဗုံးအလုံးရေ ၂၀ ထက်မနည်း ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
‎
‎”လူအိပ်ချိန် ဝင်ဗုံးကြဲတာကတော့ အရပ်သားတွေ သေစေလိုလို့ဆိုတာ ထင်ရှားပါတယ်။ ရခိုင်မှာ နေ့တိုင်းကို ကြဲနေတာဗျာ” ဟုသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
‎
‎ယင်းသို့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ရသေ့တောင်မြို့၊ ပြားချောင်းကြီးကျေးရွာမှ အသက် ၇၀ အရွယ် အမျိုးသားတစ်ဦးနှင့် ရသေ့တောင်မြို့မှ အသက် ၁၅ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးတို့ ထိခိုက်သေဆုံးခဲ့ပြီး အခြား ဒေသခံ ၁၂ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည်။
‎
‎စစ်တပ်၏ လေကြောင်းမှ ဗုံးကြဲ၍ ကျရောက်ပေါက်ကွဲခဲ့သည့် နေရာများမှာ ရသေ့တောင်မြို့၏ ကမ်းနားလမ်း၊ အရှေ့တောင်ရပ်ကွက်၊ တောင်ရင်းတန်းရပ်ကွက်၊ ရသေ့တောင် တံတားအနီး၊ ပြားချောင်းကြီးကျေးရွာ၊ မြို့တစ်ဖက်ကမ်းရှိ ပြင်ခေါင်ကျေးရွာနှင့် အငူမော်ကျေးရွာတို့ဖြစ်ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။
‎
‎စစ်တပ်သည် မူလက ပုဏ္ဏားကျွန်းကို သိမ်းပိုက်နိုင်ရေးထက် ရသေ့တောင်လမ်းဆုံကို ထိန်းချုပ်နိုင်ရေးကို ပိုမိုဦးစားပေးဆောင်ရွက်ခဲ့ပြီး အဆိုပါလမ်းဆုံကို ထိန်းချုပ်နိုင်ပါက ရသေ့တောင်၊ ဘူးသီးတောင်နှင့် မောင်တောစသည့် ရခိုင်မြောက်ပိုင်းဒေသများကို ဖြတ်တောက်နိုင်မည်ဖြစ်၍ ထိုးစစ်ဆင်ခဲ့သေးရာ ရသေ့တောင်ထိုးစစ် ကျရှုံးခဲ့ပြီးနောက် ယခုကဲ့သို့ အရပ်သားပြည်သူများကို ပစ်မှတ်ထား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
‎