ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၃ ရက်

 

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်အတွင်း ပြီးခဲ့သည့်စက်တင်ဘာ ၂၇ ရင်နေ့မှစတင်ကာ ရေကြီးရေလျှံမှုများကြောင့် ကျေးရွာပေါင်း ၅၁ ရွာမှ အိမ်ခြေ ၄၇၁၀ လုံးနှင့်အထက် ရေနစ်မြုပ်နေကြောင်း မြိတ်ခရိုင်နိုင်ငံရေးအင်အားစုထံက သိရသည်။

 

တနင်္သာရီမြို့နယ် ရေကြီးရေလျှံမှုအတွင်း ပေ ၃၀ ကျော်အထိ ရေမြင့်တက်ခဲ့သည့်အတွက် ကျေးရွာများရှိ တစ်ထပ်အိမ်များမှာ အိမ်ခေါင်မိုးများအထိ ရေနစ်မြုပ်ခဲ့ပြီး ငါး ရက်ကျော်ကြာသည်အထိ ရေပြန်ကျခြင်းမရှိသေးပဲ ရေဘေးဒုက္ခသည်များအတွက် သောက်သုံးရေနှင့်စားနပ်ရိက္ခာများမှာ အရေးပေါ်လိုအပ်နေကြောင်း သိရသည်။

ရေကြီးရေလျှံမှုကြောင့် အသက်အန္တရာယ် ထိခိုက်မှု မရှိသေးသော်လည်း ရေနှင့်စားနပ်ရိက္ခာ ပြတ်တောက်မှု၊ ရာသီဥတုဒါဏ်ကြောင့် ကျန်းမာရေးထိခိုက်လာမှုများအပြင် လယ်ယာမြေနှင့် ဥယျာဉ်ခြံမြေပျက်စီးဆုံးရှုံးမှုများ ရှိလာကြောင်းလည်း သိရသည်။

 

ရေကြီးမှုကြောင့် တနင်္သာရီမြို့နယ်အတွင်း ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများလည်း ပြတ်တောက်နေသည့်အတွက် ကူညီကယ်ဆယ်ရေးအဖွဲ့အစည်းများနှင့်ဆက်သွယ်ရန် အခက်အခဲများရှိနေပြီး မြိတ်ခရိုင်နိုင်ငံရေးအင်အားစုအနေဖြင့် တတ်နိုင်သမျှ ကူညီနိုင်ရန်ကြိုးစားနေကြောင်းလည်း ပြောဆိုထားသည်။

တနင်္သာရီမြို့နယ်သည် ယခု ၂၀၂၆ ခုနှစ်အတွင်း ရေကြီးရေလျှံမှု အန္တရာယ်ကို သုံး ကြိမ်ထက်မနည်း ရင်ဆိုင်ခဲ့ရပြီး ယခုရေကြီးမှုအတွင်း မြိတ်ခရိုင် နိုင်ငံရေးအင်အားစုအနေဖြင့် ရရှိထားသည့် အလှူငွေများဖြင့် ကျေးရွာအချို့ကို သွားရောက်ကူညီပေးနေပြီး ပြည်သူများအနေဖြင့်လည်း ပါဝင်ကူညီကြရန် တိုက်တွန်းထားသည်။

 

တနင်္သာရီတိုင်း ထားဝယ်ခရိုင်အတွင်းရှိ လောင်းလုံး၊ ထားဝယ်၊ သရက်ချောင်းမြို့နယ်များတွင် ရေကြီးမြေပြိုမှုများကြောင့် သေဆုံးသူ ၄၁ ဦးနှင့် အဆောက်အဦ ၄၀၀ ကျော် ပျက်စီးဆုံးရှုံးမှုရှိကြောင်းသိရပြီး သေဆုံးပျက်စီးမှုတိုးလာနိုင်ကြောင်း သိရသည်။

 

ဓာတ်ပုံ – လူမှုကွန်ရက်၊ မြိတ်ခရိုင်နိုင်ငံရေးအင်အားစု