‎ဧရာဝတီတိုင်းမ်
‎အောက်တိုဘာ ၃ ရက်
‎

‎ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်၊ ဘောမိချောင်းဒေသရှိ သဲဖြူနှင့် ကင်ပွန်းချဉ်ကုန်း အပါအဝင် အနီးဝန်းကျင်နေရာများတွင် နှစ်ဖက်စစ်ရေး ပြင်ဆင်မှုများ ပြုလုပ်လာနေကြောင်း သိရသည်။
‎

‎ယနေ့ အောက်တိုဘာ ၃ရက် နံနက် ၉နာရီ၊ ၅၀မိနစ်အချိန်တွင် စစ်တပ်၏ စစ်သုံးဖောကား တစ်စီးသည် ပုသိမ်ဘက်မှ မောင်းနှင်လာပြီး အင်အား ၁၀ ဦးမှ ၁၅ ဦးခန့် ပါဝင်ကာ ကြက်သွန်ကွင်းလမ်းဆုံတွင် အရပ်သုံးဆယ်ဘီးကားနှင့် ကားပြောင်းလဲရွှေ့ပြောင်းမှု ပြုလုပ်ခဲ့သည်။
‎

‎”နောက်တန်းပြန်ခေါ် အင်အားစုဖွဲ့ထားတဲ့ တပ်တွေကို ရှေ့တန်းပြန်ပို့ခြင်းဖြစ်ပါတယ်။ နှစ်ဖက် စစ်ရေးပြင်ဆင်မှုရှိတယ်” ဟု သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကိုပြောသည်။
‎

‎အဆိုပါ ဆယ်ဘီးကားတွင် လက်နက်နှင့် ခဲယမ်းများပါရှိပြီး စစ်ကူများပါ ပါဝင်သည်။ထို့နောက် အဆိုပါ ဆယ်ဘီးကားနှင့် ဖောကားတို့ သည် သဲဖြူဘက်သို့ ဦးတည်ထွက်ခွာသွားခဲ့သည်။
‎

‎နံနက် ၁၀နာရီကျော်တွင် စစ်တပ်၏ စစ်သုံးဖောကား နှစ် စီးသည် ပုသိမ်ဘက်မှ ထပ်မံရောက်ရှိလာပြီး ကြက်သွန်ကွင်းလမ်းဆုံမှတစ်ဆင့် သဲဖြူဘက်သို့ ဆက်လက်ထွက်ခွာသွားသည်။ အဆိုပါ ယာဉ်တန်းတွင် စစ်အင်အား ၄၅ ဦးမှ ၅၀ ဦးခန့် ပါဝင်နိုင်ကြောင်း ခန့်မှန်းရသည်။
‎

‎ထို့ပြင် မွန်းလွဲ ၁၂နာရီကျော်တွင် သဲဖြူဘက်သို့ ထွက်ခွာသွားခဲ့သည့် စစ်သုံးဖောကား သုံးစီး ကြက်သွန်ကွင်းလမ်းဆုံသို့ အလွတ် ပြန်လည်ရောက်ရှိလာပြီး တစ်စီးမှာ လမ်းဆုံတွင် ကျန်ရှိခဲ့ကာ ကျန် နှစ်စီးမှာ ပုသိမ်ဘက်သို့ ပြန်လည်ထွက်ခွာသွားကြောင်း သိရသည်။
‎

ယခုကဲ့သို့ လမ်းဆုံတွင် စစ်ဆေးစောင့်ဆိုင်းနေခြင်းသည် သဲဖြူဘက်မှ လူနာများကို ဆယ်ဘီးကားနှင့် ပြန်တင်လာမည်ကို ကားပြောင်းလဲပေးကာ ပုသိမ်ဘက်သို့ စေလွှတ်ရန် ပြင်ဆင်နေခြင်းဖြစ်သည်။
‎

‎ထို့အပြင် ပြီးခဲ့သည့်ရက်ပိုင်းက ပြန်ခေါ်ထုတ်သွားသည့် စစ်တပ်အဖွဲ့များအား စက်တင်ဘာ ၂၇ရက်တွင် နတခအတွင်း အောင်ပွဲရ ရှေ့တန်းပြန်အဖြစ် ဝါဒဖြန့်ကာ စိတ်ဓာတ်မြှင့်တင်ပေးမှုများ ပြုလုပ်ပေးနေကြောင်းလည်း သိရှိရသည်။