ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၃ ရက်

ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရကို အုပ်ချုပ်ရေးဆိုင်ရာ လွှဲပြောင်းပေးခြင်းအား အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က အွန်လိုင်းမှတစ်ဆင့် အခမ်းအနားဖြင့် ကျင်းပပြုလုပ်ခဲ့ကြောင်း ယမန်နေ့ အောက်တိုဘာ ၂ ရက်တွင် ထုတ်ပြန်လာသည်။

NUG နှင့် ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရတို့အကြား အုပ်ချုပ်ရေးဆိုင်ရာ လွှဲပြောင်းခြင်း အခမ်းအနားကို အောက်တိုဘာ ၁ ရက်၊ နံနက် ၁၀:၀၀ နာရီခန့်က ကျင်းပခဲ့ခြင်းဖြစ်ပြီး ယာယီသမ္မတ၊ ပြည်ထောင်စုဝန်ကြီးချုပ်တို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

“ဒီကနေ့ လုပ်ငန်းစဉ်က အရေးကြီးတဲ့ ခြေလှမ်းတရပ်ဖြစ်ပြီး ဖက်ဒရယ်ကိုလည်းသွားရင်း တော်လှန်ရေးကိုလည်း အောင်မြင်အောင်ဆိုတဲ့ ကြီးမားတဲ့ ရည်ရွယ်ချက်ကို အကောင်အထည် ဖော်နေခြင်းဖြစ်ပါတယ်” ဟု NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောသည်။

ထို့အပြင် ဖက်ဒရယ်ယူနစ်များအနေဖြင့် တော်လှန်ရေးအတွက် အားဖြစ်စေမည်ဟု ယုံကြည်သလို အာဏာရှင်မင်းအောင်လှိုင်နှင့် စစ်တပ်ကို အမြန်ဆုံးဖယ်ရှားရန် လက်ရှိတည်ဆောက်နေသော ဖက်ဒရယ်စနစ်ကို ညီညီညွတ်ညွတ်၊ အပြန်အလှန်လေးစားမှုဖြင့် အတူတကွကြိုးစားကြရန် လိုအပ်ကြောင်း ၎င်းက တိုက်တွန်းဆိုသည်။

အဆိုပါ အခမ်းအနားသို့ NUG အစိုးရအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးများ၊ ဒုဝန်ကြီးများ၊ ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ ဒုဝန်ကြီးချုပ်နှင့် ယူနစ်အစိုးရအဖွဲ့ဝင်များ၊ မကွေးဖက်ဒရယ်ယူနစ်လွှတ်တော်ဥက္ကဋ္ဌ၊ ခရိုင်/မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) တာဝန်ခံများ စသည့်တို့ တက်ရောက်၍ ဆွေးနွေးခဲ့ကြောင်း သိရသည်။

ယင်းအတူ ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရ ဝန်ကြီးချုပ် ဒေါက်တာရဲထွန်းဇော်က “အခုဆောင်ရွက်ချက်ဟာ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ် ပေါ်ပေါက်ရေး သမိုင်းစဉ်မှာ အလွန်အရေးပါတဲ့ မှတ်တိုင်တစ်ခု ဖြစ်ပါတယ်” ဟု ပြောကြားသည်။

ထို့အပြင် ပြည်သူ့ဝန်ဆောင်မှုယန္တရားကို ပိုမိုနီးကပ်စွာပေးနိုင်ရန် ယူနစ်အစိုးရမှ တိုက်ရိုက်တာဝန်ယူခြင်းနှင့် ဖက်ဒရယ်အုပ်ချုပ်ရေးယန္တရားကို အောက်ခြေအထိ စနစ်တကျ အသက်ဝင်စေခြင်းတို့အား ထင်ဟပ်စေကာ ယင်းအတွက် ကြံ့ကြံ့ခံဆောင်ရွက်သည့် ပအဖအဖွဲ့ဝင်များကို လေးစားဂုဏ်ပြုဟုလည်းဆိုသည်။

ဆက်လက်၍ NUG ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဦးလွင်ကိုလတ်ကလည်း ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရနှင့် သဘောတူညီချက် ရရှိထားသည့် အုပ်ချုပ်ရေးဆိုင်ရာ လွှဲပြောင်းရေး လုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြပြီး NUG ယာယီသမ္မတ၊ ယူနစ်အစိုးရ ဝန်ကြီးချုပ်တို့က အုပ်ချုပ်ရေးလွှဲပြောင်းမှုကို အတည်ပြုကြောင်း ကြေညာသည်။

ဓာတ်ပုံ – NUG