ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂ ရက်
မလေးရှားနိုင်ငံအနေနဲ့ မြန်မာနိုင်ငံသားတွေကို နေရပ်ပြန်ပို့နေတာတွေကို ချက်ချင်း ရပ်တန့်ဖို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူ ကယ်လီကာရီက အောက်တိုဘာ ၁ ရက်မှာ တိုက်တွန်းလိုက်ပါတယ်။
မြန်မာပဋိပက္ခနဲ့ အကြမ်းဖက်မှုတွေကြား မြန်မာနိုင်ငံသားတွေကို ပြန်ပို့တာဟာ ဒုက္ခသည်တွေ ကို ဘေးအန္တရာယ်ရှိတဲ့နေရာဆီ အဓမ္မ ပြန်မပို့ရဆိုတဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး မူဝါဒကို ချိုး ဖောက်ရာ ရောက်နေတယ်လို့ ၎င်းက သတိပေးပါတယ်။
စစ်ကောင်စီနဲ့ သဘောတူထားတဲ့ ဆန္ဒအလျောက် နေရပ်ပြန်ပို့ရေး အစီအစဉ်အရ အမျိုးသမီးတွေ နဲ့ ကလေးသူငယ်တွေ အပါအဝင် မြန်မာနိုင်ငံသား ၅,၀၀၀ ခန့်ကို မလေးရှားအစိုးရက စတင် ပြန်ပို့နေပြီ ဖြစ်လို့ အလွန်စိုးရိမ်မိတယ်လို့ သူက ဆိုပါတယ်။

အဆိုပါအစီအစဉ်အရ မလေးရှားက ပထမအသုတ်အဖြစ် မြန်မာနိုင်ငံသား ၁,၄၇၆ ဦးကို စက်တင် ဘာ ၂၉ ရက်ကတည်းက စတင် ပြန်ပို့နေတာ ဖြစ်ပါတယ်။
လက်ရှိ မြန်မာနိုင်ငံရဲ့ အခြေအနေဟာ လုံခြုံမှုရှိရှိ၊ ဂုဏ်သိက္ခာရှိရှိနဲ့ မိမိဆန္ဒအလျောက် ဘေး ကင်းကင်း ပြန်နိုင်တဲ့ အနေအထား မဟုတ်သေးဘူးလို့ ကယ်လီကာရီက ထောက်ပြပါတယ်။
ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ၊ ရိုဟင်ဂျာတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက် မှုတွေနဲ့ ပြင်းထန်တဲ့ အကြမ်းဖက်မှုတွေကိုလည်း ၎င်းက သတိပေးပါတယ်။

စက်တင်ဘာ ၂၈ ရက်က ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ် ပိုက်သည်ကျေးရွာ ဈေးအတွင်းကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၅၀ ထက်မက သေဆုံးပြီး အများအ ပြား ဒဏ်ရာရခဲ့တဲ့ဖြစ်စဉ်ကိုလည်း သူက ရှုတ်ချခဲ့ပါတယ်။
မလေးရှားအစိုးရအနေနဲ့ ဒုက္ခသည်တွေကို ဆန္ဒအလျောက် ပြန်ပို့ရာမှာ လိုက်နာရမယ့် ဥပဒေရေး ရာနဲ့ လူသားချင်းစာနာမှုဆိုင်ရာ စံနှုန်းတွေကို သေချာစိစစ်ဖို့ လိုတယ်လို့ ကယ်လီကာရီက ဆိုပါတယ်။
မလေးရှားနိုင်ငံရောက် မြန်မာဒုက္ခသည်အားလုံးရဲ့ လူ့အခွင့်အရေးကို အပြည့်အဝ အကာအ ကွယ်ပေးဖို့လည်း ကုလသမဂ္ဂက တိုက်တွန်းထားပါတယ်။
News: Anadolu Agency
Ref; UN special rapporteur urges Malaysia to halt repatriation of Myanmar nationals