ဆောင်းပါးရှင်-မောင်ကောင်း
(ဧရာ၀တီတိုင်းမ်/အောက်တိုဘာ ၂ ရက်)
လွန်ခဲ့တဲ့ ၁ နှစ်က ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဒုဥက္ကဋ္ဌ(၁) ဒုတိယဗိုလ်ချုပ်ကြီး ဆွမ်လွတ် ဂွန်မော် (ဗိုလ်ချုပ်ဂွန်မော်) ရေးခဲ့တဲ့ စကားတစ်ခွန်းကို ပြန်သတိရမိပါတယ်။
“မင်းတို့တတွေ… လူမဟုတ်တော့ဘူး…” တဲ့။
ဗိုလ်ချုပ်ဂွန်မော်ဟာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ စစ်တပ်ကို ရည်ညွှန်းပြီး ရေးခဲ့တာ ဖြစ်ပါတယ်။
စစ်တပ်ဟာ ယမန်နှစ် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂၉ ရက် မွန်းလွဲပိုင်းတုန်းက ကချင်ပြည်နယ်၊ ဝိုင်းမော် မြို့နယ်ထဲက ဆဒုံးမြို့မဈေးနဲ့ စာသင်ကျောင်းအနီးကို ဂျက်တိုက်လေယာဉ် ၂ စီးနဲ့ လာရောက် ဗုံးကြဲ တိုက်ခိုက်ခဲ့ပါတယ်။ စာသင်ကျောင်းနဲ့ ဈေးကို ပစ်မှတ်ထားပြီး တိုက်ခိုက်ခဲ့တဲ့ အဲဒီဗုံးကြဲမှုကြောင့် အသက် ၅ နှစ်အရွယ် ကလေးငယ်များအပါအဝင် အရပ်သား ၁၁ ဦး သေဆုံးခဲ့ရပါတယ်။
အဲဒီလို ဆဒုံးအနိဋ္ဌာရုံ ၁ နှစ်ပြည့်တဲ့အချိန်မှာပဲ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ပေါ်က လူစည်ကားရာ အိန္ဒိယဈေး (မြို့မဈေး) ကို အာဏာလု စစ်အုပ်စုက ပေါင် ၅၀၀ ဗုံးနဲ့ ထပ်မံကြဲချလိုက်ပြန်ပါတယ်။
စစ်တပ်ဟာ စက်တင်ဘာ ၂၈ ရက်နေ့ နေ့လယ်ပိုင်းမှာ အိန္ဒိယဈေးနဲ့ ကစ္ဆပနဒီ တံတားဝန်းကျင်ကို ပေါင် ၅၀၀ ဗုံးတွေ အသုံးပြုပြီး တိုက်ခိုက်ခဲ့တာကြောင့် ဈေးရောင်း၊ ဈေးဝယ်၊ အလုပ်သမားတွေ၊ လမ်းသွား လမ်းလာတွေနဲ့ ဒေသခံအရပ်သားတွေ အစုလိုက်အပြုံလိုက် သေဆုံးခဲ့ ရပါတယ်။ နောက်ဆုံးရရှိထားတဲ့ အချက်အလက်တွေအရ ဒေသခံအရပ်သား ၅၀ ဦး သေဆုံးခဲ့ရပြီး ၅၈ ဦးထက်မနည်း ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပါတယ်။
အခုလို သေဆုံးသူတွေထဲမှာ ကျောက်တော်မြို့၊ ပိုက်သည်ရွာက ကိုယ်ဝန် ၉ လလွယ်ထားရတဲ့ အသက် (၃၂) နှစ်အရွယ် ဒေါ်ခင်မာနွယ်ဟာ ဗုံးကြဲခံရလို့ မီးလောင်းကျွမ်းနေဆဲမှာပဲ ကလေးမီးဖွားခဲ့ရပြီး မွေးဖွားလာတဲ့ ကလေးငယ်လေးပါ မီးလောင်းကျွမ်း သေဆုံးခဲ့ရတဲ့အထိ ရင်နင့်ဖွယ်ရာ အဖြစ် အပျက် တွေ ကြုံတွေ့ခဲ့ရပါတယ်။ အဲဒီအကြောင်းကို ရခိုင်စာရေးဆရာ ဝေဟင်အောင်က ဓာတ်ပုံနဲ့ တကွ ဖော်ပြခဲ့ပါတယ်။
စစ်တပ်ဟာ စစ်ရေးနဲ့ သက်ဆိုင်ခြင်းမရှိတဲ့ ကလေးသူငယ်တွေ၊ အမျိုးသမီးတွေနဲ့ လက်နက်မဲ့ အရပ်သားပြည်သူတွေ မနက်ပိုင်း စည်ကားစွာ သွားလာနေတဲ့ ဈေးလိုနေရာမျိုးကို ဗုံးကြဲချပြီး အစုလိုက်အပြုံလိုက် သတ်ဖြတ်လိုက်တာဟာ အခြေခံလူ့အခွင့်အရေးနဲ့ နိုင်ငံတကာ စစ်ပွဲဆိုင်ရာ ဥပဒေ (ဂျနီဗာကွန်ဗင်းရှင်း) ကို ပေါ်ပေါ်ထင်ထင် ချိုးဖောက်လိုက်တာပဲ ဖြစ်ပါတယ်။ အခုဖြစ်စဉ်ဟာ ရခိုင် ပြည်သူတွေအတွက်သာမကဘဲ လူသားတစ်ရပ်လုံးအတွက်ပါ ကြီးမားတဲ့ တုန်လှုပ်ကြေကွဲဖွယ်ရာ လုပ်ရပ်တစ်ခု ဖြစ်ပါတယ်။
ကျောက်တော်ဆိုတာ ရခိုင်တွေရဲ့ ဝိညာဉ်၊ ဓညဝတီ မင်းနေပြည်တော်ဟောင်း၊ မဟာမုနိရုပ်ရှင် တော်မြတ် ကိန်းဝပ်ရာနေရာ၊ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်တွေ တည်ရှိရာနေရာမို့ ရခိုင် ပြည်သူတွေရဲ့ သမိုင်းဝင် နှလုံးသားနယ်မြေ ဖြစ်ပါတယ်။ ကစ္ဆပနဒီ (ကုလားတန်မြစ်) ဘေးမှာရှိနေတဲ့ ကျောက်တော်တောင်ရဲ့ သမိုင်းဝင် တည်ရှိမှုဟာ ကြာမြင့်ခဲ့ပါပြီ။
ကမ္ဘာ့ပထဝီနိုင်ငံရေး အခင်းအကျင်းကနေ ကြည့်မယ်ဆိုရင်လည်း ကျောက်တော်ဟာ အိန္ဒိယနိုင်ငံနဲ့ အကျိုးစီးပွားဖြစ်စေမယ့် “ကုလားတန် ဘက်စုံစီမံကိန်း” အတွက် ရေလမ်းကနေ ကုန်းလမ်းကို ပြောင်းလဲပို့ဆောင်ပေးမယ့် အဓိကနေရာမှာ ရှိပါတယ်။ နောက်ထပ် ကျောက်တော်ဟာ ချင်းပြည်နယ် (ပလက်ဝ) ကနေတစ်ဆင့် အိန္ဒိယနယ်စပ် မီဇိုရမ်အထိ ပေါက်ရောက်တဲ့ တံခါးပေါက် ဖြစ်သလို မြောက်ဦး၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်နဲ့ မြေပုံမြို့တွေကို ဆက်သွယ်ထားတဲ့ နယ်မြေလည်း ဖြစ်ပါတယ်။
ဒီအချက်တွေအရ ကျောက်တော်ဟာ လူနေထိုင်မှုများပြားပြီး ရောင်းဝယ်ဖောက်ကားမှုတွေနဲ့ စည်ကားနေမယ့် မြို့ဖြစ်တယ်ဆိုတာ ထင်ရှားပါတယ်။
ရက္ခိုင့်တပ်တော် (AA) ဟာ ကျောက်တော်မြို့နယ်မှာရှိတဲ့ အမှတ် (၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၉) အပါအဝင် စစ်တပ်စခန်းအားလုံးကို ၂၀၂၄ နှစ်ဆန်းပိုင်းကတည်းက အပြီးသတ် သိမ်းပိုက် ထိန်းချုပ်ထားပါတယ်။ ဒါကြောင့် AA ကို မြေပြင်မှာ မယှဉ်နိုင်တော့တဲ့ စစ်တပ်ဟာ ကျောက်တော် မြို့ပေါ်က အရပ်သားပစ်မှတ်တွေကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပါတယ်။
စစ်တပ်လော်ဘီတွေ ပြောလေ့ရှိတဲ့ “စစ်ကိုခေါ်ရင် စစ်ကလာတယ်” ဆိုတဲ့ စကားဟာ လက်နက်ကိုင် အဖွဲ့အစည်းချင်း တိုက်ခိုက်တဲ့ စစ်ပွဲမျိုးကိုသာ ရည်ညွှန်းတာ ဖြစ်ပါတယ်။ ကျောက်တော် အိန္ဒိယဈေးလို လက်နက်မဲ့ အရပ်သားတွေ၊ ဈေးသည်တွေနဲ့ ကလေးသူငယ်တွေ သွားလာနေတဲ့ လူစည်ကားရာ နေရာကို ပေါင် ၅၀၀ ဗုံးနဲ့ ကြဲချတာဟာ စစ်တိုက်တာမဟုတ်ဘဲ ထင်ရှားတဲ့ “စစ်ရာဇဝတ်မှု” နဲ့ “လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု” သေချာပေါက် မြောက်ပါတယ်။
အခုဖြစ်ရပ်ကို ထောက်ဆရင် စစ်အာဏာရှင်စနစ်အောက်မှာ ရှိနေရင် ဘယ်လိုဒေသမှာ နေထိုင်သူ တွေဖြစ်စေ၊ ဘယ်လိုလူမျိုး ဘယ်လိုပြည်သူပြည်သားတွေဖြစ်နေပါစေ ဘေးကင်းလုံခြုံမှု မရှိဘူး ဆိုတာကို မီးမောင်းထိုးပြလိုက်တာပါ။ ရခိုင်လူမျိုးတွေအတွက် သမိုင်းကြောင်းအရ တန်ဖိုးကြီးမား လှတဲ့ မြို့ပြတစ်ခုမှာ အခုလို စစ်ဘေးဒဏ်ကြောင့် အသက်အိုးအိမ် စည်းစိမ်တွေ ပြာကျပျက်စီး စေခြင်းဟာ သမိုင်းအစဉ်အလာကိုပါ ထိပါးလာစေတဲ့ ခံစားချက်မျိုး သက်ရောက်စေပါတယ်။
ဒါကြောင့်လည်း အာရက္ခတပ်တော် (AA) က ကျောက်တော်ဖြစ်စဉ်မှာ ပါဝင်ပတ်သက်သူတွေ အားလုံး ကို ဖော်ထုတ်ပြီး ပြင်းပြင်းထန်ထန် ပြန်လည်လက်တုံ့ပြန်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
အခုလို စစ်ရာဇဝတ်မှု ကျူးလွန်တဲ့ဖြစ်စဉ်အပေါ် ရခိုင်လူမျိုးတွေတင်မကဘဲ ကုလသမဂ္ဂ(UN)၊ ဥရောပသမဂ္ဂ(EU) ၊ ဗြိတိန်အစိုးရ (UK)၊ အာဆီယံ ပါလီမန်အမတ်များအဖွဲ့ (APHR) တို့အပြင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် ပြည်တွင်း/ပြည်ပ အရပ်ဘက်အဖွဲ့အစည်းများစွာက လည်း ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချထားကြပါတယ်။
ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရား (IIMM) ကလည်း ယခုဖြစ်စဉ်ကို စစ်ရာဇဝတ်မှုအဖြစ် သတ်မှတ်ပြီး မျက်မြင်သက်သေတွေနဲ့ အချက်အလက်တွေ စတင်စုဆောင်းနေပြီဖြစ်ကြောင်း ကြေညာထားပါတယ်။
စစ်အုပ်စုရဲ့ ရက်စက်မှုကြောင့် အသက်ပေးဆပ်လိုက်ရတဲ့ ပြည်သူတွေရဲ့ သွေးစက်တွေဟာ စစ်ကိုင်း မှာဖြစ်စေ၊ ရခိုင်မှာဖြစ်စေ၊ ကချင်မှာဖြစ်စေ၊ ကရင်မှာဖြစ်စေ တန်ဖိုးချင်းက အတူတူပဲဆိုတာကို တော်လှန်ရေးအင်အားစုတွေအားလုံးက လက်တွေ့ပြသရမှာပဲ ဖြစ်ပါတယ်။
စစ်ရာဇဝတ်မှုမှာ ဒေသစွဲ၊ အဖွဲ့အစည်းစွဲဆိုတာ မရှိပါဘူး။ နောင်လာမယ့် သမိုင်းရှေ့မှောက်မှာ တရားခံအဖြစ် ရပ်တည်သွားရမယ့် စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကိုလည်း ပြည်သူတွေက ဘယ်တော့မှ မေ့လျော့တော့မှာ မဟုတ်ပါဘူး။
ဗိုလ်ချုပ်ဂွန်မော် ပြောခဲ့သလို “လူမဟုတ်တော့တဲ့” အဖွဲ့အစည်းတစ်ခုကို လူသားချင်းစာနာမှု စည်းမျဉ်းတွေနဲ့ ချဉ်းကပ်ဆက်ဆံလို့ မရတော့ပါဘူး။
ဒါကြောင့် သေဆုံးသွားကြတဲ့ ဝိဉာဉ်တွေ သာဓုခေါ်နိုင်ဖို့ ၊ နေရာအနှံ့က အပြစ်မဲ့ပြည်သူတွေရဲ့ သွေးစက်တွေအတွက် တရားမျှတမှုကို လက်တွေ့ဖော်ဆောင်ဖို့ဆိုရင် စစ်အာဏာရှင်ရဲ့ စနစ်ဆိုး၊ အမွေဆိုးကို အမြစ်ဖြတ်ခြင်းမှတပါး အခြားမရှိတော့ပြီ လို့ပဲ ဆိုချင်ပါတယ်။