ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂ ရက်

ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် ၁၃ နှစ်ကြာ အခြေစိုက်စစ်ကွပ်ကဲခဲ့သော အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် (ရလခ) တိုင်းမှူးနှင့် စစ်ကွပ်ကဲရေးဆိုင်ရာ တပ်ဖွဲ့များကို ကရင်နီဒေသသို့ ပြောင်းရွှေ့ လိုက်ပြီဖြစ်ကြောင်း တပ်သတင်းရင်းမြစ်များထံမှ သိရသည်။

ယင်းသို့ ပြောင်းရွှေ့ရာတွင် လွိုင်ကော် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (ရလခ) တိုင်းမှူးအဖြစ် ယခင်လွိုင်ကော်ဒေသကွပ်ကဲရေးမှူး ဖြစ်သူ ဗိုလ်ချုပ် ဝေလင်းအောင် (စတသ-၄၂) ကို ခန့်အပ် လိုက်ခြင်းဖြစ်သည်။ ထို့ပြင် ခိုလမ်တွင် တိုင်းစစ်ဌာနချုပ်အစား ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) အဖြစ် ပြောင်းလဲဖွင့်လှစ်ခဲ့ပြီး ဒကစမှူးအဖြစ် ယခင် ရလခ ဒုတိုင်းမှူးဖြစ်သူ အောင်ကျော်သက် (တေဇ-၂၅) ကို တာဝန်ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ရလခ တိုင်းမှူး၏ တိုက်ရိုက်အမိန့်ကွပ်ကဲမှုအောက်တွင် ရလခ တိုင်းစစ်ဌာနချုပ်အပါအဝင် စဗခ (ကွန်ဟိန်း)၊ စဗခ (လင်းခေး)၊ စမခ-၂ ၊ စမခ-၁၇ ၊ လဝခ-၃ လေကြောင်းရန်ကာကွယ်ရေး ကွပ်ကဲမှုဌာနချုပ်နှင့် စလခ နမ့်စန်လေတပ်စခန်းဌာနချုပ် စသည့် ကွပ်ကဲမှုဌာနချုပ် ခုနစ် ခု တည်ရှိခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် တိုင်းမှူး၏ ကွပ်ကဲမှုအောက်တွင် ခြေလျင်/ခြေမြန်တပ်ရင်း ၃၆ ရင်းနှင့် စုစုပေါင်း လက်ရုံးဝန်ထမ်းတပ် ၆၆ ခုအထိ စုဖွဲ့တပ်စွဲထားခဲ့ကြောင်း သိရသည်။

ရလခ တိုင်းမှူး တာဝန်ယူကွပ်ကဲခဲ့ရသော နယ်မြေသည် ရှမ်းပြည်တပ်မတော် SSA (RCSS နှင့် SSPP) တို့၏ လှုပ်ရှားနယ်မြေဖြစ်ပြီး “ဝ” တပ်ဖွဲ့ (UWSA) ကိုလည်း အလယ်မှ ပိုင်းဖြတ်ထားသော ဒေသဖြစ်သည်။ အဆိုပါ တိုင်းစစ်ဌာနချုပ် တိုင်းမှူးအနေဖြင့် နားမွန်၊ မိုင်းမော်၊ ဟိုမိန်း၊ ဝမ်မိုင်၊ မုံးထော်၊ မုံးထနှင့် ပန်းဆိုင်မွန် စသည့် ထိုင်းနိုင်ငံနှင့် နယ်နိမိတ်ထိစပ်နေသည့် နယ်စပ်ထွက်ပေါက်ရှိသည့် နယ်မြေများကိုပါ ပင်မတာဝန်ယူ ကွပ်ကဲခဲ့သည့် စစ်တိုင်းဌာနတစ်ခု ဖြစ်သည်။

ဓာတ်ပုံ-စစ်တပ်ပြန်ကြားရေး