ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂ ရက်
အနောက်တောင်မုတ်သုံလေသည် ဘင်္ဂလားပင်လယ်အော်အရှေ့မြောက်ပိုင်း၊ အရှေ့အလယ်ပိုင်းနှင့် မြန်မာနိုင်ငံ မြစ်ဝကျွန်းပေါ်ဒေသများမှ ဆုတ်ခွာသွားပြီဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန(မိုး/ဇလ)က ယနေ့ အောက်တိုဘာ ၂ ရက်တွင် ထုတ်ပြန်သည်။
အနောက်တောင်မုတ်သုံလေသည် မြန်မာနိုင်ငံအထက်ပိုင်းမှ စက်တင်ဘာ ၁၅ ရက်တွင် စတင် ဆုတ်ခွာလာခဲ့ရာ ယနေ့တွင် နိုင်ငံတစ်ဝန်းမှ အပြီးအပိုင် ဆုတ်ခွာသွားပြီဖြစ်ကြောင်း သိရသည်။

ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် ယခု အောက်တိုဘာလအတွင်း လေဖိအားနည်း ရပ်ဝန်း ၃ ကြိမ် ဖြစ်ပေါ်နိုင်ပြီး ၎င်းတို့အနက် ၂ ကြိမ်မှာ ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင် ခြေရှိကြောင်း မိုး/ဇလက သတိပေးထားသည်။
နေပြည်တော်၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းအောက်ပိုင်းနှင့် ကချင်ပြည်နယ်တို့သည် အောက်တို ဘာလ ပျမ်းမျှအပူချိန်ထက် ၁ ဒသမ ၅ ဒီကရီဆဲလ်စီးယပ်နှင့်အထက် ပိုမိုနိုင်ပြီး ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကရင်နီပြည်နယ်၊ ကရင် ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင်မူ ပျမ်းမျှအပူချိန်ခန့်သာ ရှိနိုင်မည်ဖြစ်သည်။
သို့သော် ယခုနှစ်ကုန်ပိုင်းတွင် အယ်လ်နီညို အမြင့်ဆုံးအခြေအနေသို့ ရောက်ရှိမည်ဖြစ်သောကြောင့် လာမည့် ဆောင်းရာသီနှင့် နွေရာသီကာလများတွင် နေ့အပူချိန်များ အလွန်အမင်း မြင့်မားခြင်းနှင့် မိုးခေါင်ရေရှားခြင်းစသည့် အစွန်းရောက် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်လာနိုင်ခြေရှိသဖြင့် ပြည်သူများ အနေဖြင့် ကြိုတင်သတိပြုရန် မိုး/ဇလက တိုက်တွန်းထားသည်။
ဓာတ်ပုံ – မိုး/ဇလ၊ ဧရာဝတီတိုင်းမ်