နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂ ရက်

ခုခံတော်လှန်မှုများကြောင့် ထိန်းချုပ်နယ်မြေများကို ကာကွယ်ရန်၊ စစ်ရှုံးဒေသများအား ပြန်လည် ရယူရန်နှင့် ၎င်းတို့ပါဝင်ပတ်သက်နေသည့် အွန်လိုင်းလိမ်လည်ဂိုဏ်း (ကျားဖြန့်) ကိစ္စရပ်များတွင် ပိုမိုအသုံးချသွားရန် ရဲတပ်ဖွဲ့ဝင်များကို ဆုတံဆိပ်များပေး၍ ရွေးတုသမ္မတက စည်းရုံးခဲ့ကြောင်း သိရသည်။

အာဏာသိမ်း စစ်ခေါင်းဆောင် အသွင်ပြောင်း ရွေးတုသမ္မတသည် ၎င်းတို့ရုံးစိုက်ရာ နေပြည်တော်၌ ယမန်နေ့ အောက်တိုဘာ ၁ ရက်က ပြုလုပ်သော (၆၂) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားသို့ တက်ရောက် ၍ ရဲမှူးကြီးအပါအဝင် ရဲတပ်ဖွဲ့ဝင်တချို့ကို ဆုတံဆိပ်များ ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ရဲတပ်ဖွဲ့ဆိုင်ရာ ဆုတံဆိပ်များ ပေးအပ်မှုသည် စည်းရုံးရေးဆန်ဆန် ပြုလုပ်ခြင်းဖြစ်ပြီး ရဲတပ်ဖွဲ့ဝင်များကို အရန်အင်အားအဖြစ် သတ်မှတ်ထားရှိရာမှ ခုခံတော်လှန်မှုများကြောင့် စစ်ရှုံးအထိနာနေချိန်တွင် ရှေ့တန်းတိုက်ခိုက်ရေးဘက်သို့ အင်အားဖြည့်တင်း ထည့်သွင်းအသုံးပြုမှုများ ပိုမိုလုပ်ဆောင်ရန်ဖြစ်ကြောင်း CDM ဗိုလ်ကြီး ဇင်ယော်က ထောက်ပြပြောဆိုသည်။

“ရဲတပ်ဖွဲ့တွေကို အဓိကအရန်အင်အားဆိုပြီး တိုက်ခိုက်ရေးဘက်တွေသာမက ကျားဖြန့်ကိစ္စရပ်တွေမှာပါ ပိုမိုဆွဲထည့်လာမယ့် အနေအထားမျိုးကို တွေ့ရတယ်။ နောက်တစ်ချက် တွေ့ရတာက ဗန်းမော်တိုက်ပွဲမှာ ပါဝင်ခဲ့တဲ့ ဒုရဲမှူးကြီးကို ရဲသူရိန်တံဆိပ် ချီးမြှင့်ခဲ့တယ်” ဟု ၎င်းက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ရွေးတုသမ္မတ ပေးအပ်သည့် ဆုတံဆိပ်အနက် ဗန်းမော်တိုက်ပွဲ၌ ပါဝင်ခဲ့သူ ဒုရဲမှူးကြီး ရဲဝင်းအား ရဲသူရိန်တံဆိပ်၊ အခြားစစ်ဆင်ရေးသို့ စစ်ကူပို့ခံရသော ရဲမှူးကြီး ရန်နိုင်ထွန်း၊ ယာယီရဲမှူးကြီး ကျော်သူ၊ ဒုရဲမှူး မြင့်ဇော် စသည်တို့ကို ရဲသူရ၊ ရဲဗလ၊ ရဲကျော်စွာ၊ ရဲကျော်သူတံဆိပ်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

ထို့အပြင် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလမှစတင်၍ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် ဖြစ်ပွားနေသော ဗန်းမော်တိုက်ပွဲသို့ မန္တလေးဘက်မှ ပို့ဆောင်ခဲ့သည့် ရဲကွန်မန်ဒိုတပ်ဖွဲ့နှင့် ဒရုန်းတပ်ဖွဲ့ စသည့်ရဲစစ်ကူများအနက် ထိခိုက်သေဆုံးသူများကိုလည်း ဆုတံဆိပ်များပေးအပ်ကာ ရွေးတုသမ္မတက စည်းရုံးပြောဆိုခဲ့ကြောင်း သိရသည်။

ယင်းအပြင် ရဲတပ်ဖွဲ့ဝင်များအနေဖြင့် ပေးအပ်လာသည့် တာဝန်များကို မခိုမကပ်ဘဲ ကျေပွန်စွာထမ်းဆောင်ရန်၊ “မျိုးချစ်စိတ်ရှိရမည်၊ စွမ်းရည်ပြည့်ဝရမည်၊ ခေတ်မီရမည်” ဟူသည့် မျှော်မှန်းချက်များ ဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်သွားရန် နှင့် ခေတ်မီလက်နက်၊ အီလက်ထရောနစ် ဆက်သွယ်ရေးပစ္စည်းများ ဖြည့်ဆည်းပေးနေပြီး စွမ်းရည်မြင့်မားရေးအတွက် စဉ်ဆက်မပြတ် လေ့ကျင့်ရန် ရွေးတုသမ္မတက တိုက်တွန်းထားသည်။

လက်ရှိတွင် ခုခံတော်လှန်မှုများကြောင့် စစ်ရှုံးအထိနာနေသော ရွေးတုအစိုးရစစ်တပ်သည် လက်အောက်ခံ တပ်ဖွဲ့ဝင်အင်အားများ ပြုန်းတီးလိုအပ်နေသဖြင့် ပြည်သူ့စစ်မှုထမ်းဥပဒေဖြင့် လူငယ်များကို တပ်သားသစ် စုဆောင်းနေသကဲ့သို့ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက်သာ လုပ်ကိုင်ရသော ရဲတပ်ဖွဲ့ဝင်များကိုပါ ရှေ့တန်းစစ်မျက်နှာပြင်များသို့ ပို့ဆောင်အသုံးချလျက်ရှိသည်။

ဓာတ်ပုံ – MOI