ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂ ရက်

 

ရေဘေးဒဏ်အကြီးအကျယ်ခံစားနေသည့် တနသ်ာရီတိုင်းရှိ ထားဝယ်၊ လောင်းလုံး၊ သရက်ချောင်း၊ ရေဖြူ စသည့်မြို့နယ်များကို စစ်တပ်က စစ်ကြောင်းထိုးကာ ဗုံးကြဲတိုက်ခိုက်ခြင်းများပြုလုပ်နေပြီး လူမှုကူညီရေးအဖွဲ့များကိုပါ တားမြစ်ကန့်သတ်ခြင်းများပြုလုပ်နေကြောင်းသိရသည်။

 

ရေဘေးဒဏ်ကြောင့် လောင်းလုံးနှင့် သရက်ချောင်း မြို့နယ်များတွင် တောင်ပြိုမှုများနှင့် ဒေသခံထိခိုက်သေဆုံးမှုများဖြစ်ပွါးခဲ့ပြီး လာရောက်ကူညီကြမည့် ပရဟိတ ကယ်ဆယ်ရေးအဖွဲ့များကို စစ်တပ်က ၎င်းတို့စစ်ကြောင်းများနှင့်အတူ သွားရောက်ရန် အမိန့်ပေးခိုင်းစေနေကြောင်းလည်း သိရသည်။

 

“သူတို့တွေက ပရဟိတအဖွဲ့တွေအကုန်ခေါ်ယူပြီးတော့ စစ်ကြောင်းကို အခုလက်ရှိတူတူဆင်းမယ်ပြောထားတယ်။ အဓိကကတော့ စစ်ကြောင်းတွေနဲ့တူတူမလိုက်နဲ့ပေါ့နော်။ စစ်ဖြစ်နေတဲ့နေရာတွေကို ဒီလိုပုံစံမျိုး အခွင့်အရေးယူပြီး သဘာဝဘေးကိုကာဗာယူပြီးလုပ်နေတဲ့ဟာတွေတော့တွေ့ရတယ်”ဟု နည်းဗျူဟာ(၃၃)၊ နည်းဗျူဟာမှူး စောဒါးကိုက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ထို့ပြင်ရေဘေးဒဏ်သင့်နေသည့်ထားဝယ်အရှေ့တောဒေသရှိ ရေဝိုင်းကျေးရွာကိုလည်း ယမန်နေ့စက်တင်ဘာ ၃၀ ရက်နေ့ ညနေပိုင်းတွင် ရွေးတုအစိုးရလက်အောက်ခံလေတပ်က အကြောင်းမဲ့လေကြောင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

အလားတူ ရေကြီးမြေပြိုမှုဒဏ်ကို ဆိုးရွားစွာခံနေရသည့် လောင်းလုံးမြို့နယ်ကိုလည်း ပြီးခဲ့သည့်စက်တင်ဘာ ၂၈ ရက်နေ့တွင် အင်အား ၁၀၀ ဝန်းကျင်ဖြင့် စစ်ကြောင်းထိုးဝင်ရောက်​ခဲ့သည့်အတွက် ဒေသခံများမှာ ရေဘေးဒဏ်သင့်နေသည့အပြင် စစ်ကြောင်းကိုပါ ထပ်မံရှောင်တိမ်းနေရကြောင်း သိရသည်။

 

“အခုလက်ရှိကတော့ စစ်တပ်စစ်ကြောင်းထိုးပြီးကယ်ဆယ်ရေးလုပ်နေတဲ့နေရာတွေကို ဒီကောင်တွေလုပ်နေတာရှိတယ် သရက်ချောင်းဘက်ရော လောင်းလုံးဘက်ရော စစ်ကြောင်းထိုးလာတယ်။ အဓိကကတော့ ပရဟိတအဖွဲ့တွေကတော့ အခုလက်ရှိပြောလာပြီပေါ့နော်။ သူတို့ကသရက်ချောင်းဘက်မှာတားထားတယ် ပေးမသွားဘူး” ဟုရဲဘော်စောဒါးကိုက ဆက်လက်ပြောပြသည်။

 

လက်ရှိတွင် စက်တင်ဘာ ၃၀ ရက်နေ့အထိ ကောက်ယူရရှိထားသည့် စာရင်းများအရ ထားဝယ်ဒေသတစ်ခုလုံးတွင် ရေဘေးနှင့်တောင်ပြိုမှုများကြောင့် လူပေါင်း ၃၂ ဦးအထိသေဆုံးခဲ့ပြီး နေအိမ်အဆောက်အအုံ ၃၀၀ ကျော်နှင့် ငါးဖမ်းလှေ ၅၀ ဝန်းကျင်ပျက်စီးခဲ့ကြောင့် ထားဝယ်အမျိုးသားအဖွဲ့ချုပ်(TNF) ၏ထုတ်ပြန်ချက်အရ သိရသည်။

 

ဓာတ်ပုံ – လူမှုကွန်ရက်