ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂ ရက်
လက်ရှိအိမ်ခြံမြေကဏ္ဍာရှိ The Central နှင့် The Park ကွန်ဒိုဆောက်လုပ်ရေးလုပ်ငန်းများမှ သိန်းထောင်နှင့်ချီတန်သော ကွန်ဒိုအခန်းများကို ကြိုပွိုင့်ရောင်းချထားပြီး နှစ်ကာလကြာမြင့်လာသော်လည်း အိမ်ခန်းလွှဲပြောင်းပေးနိုင်ခြင်းမရှိသောကြောင့် ကွန်ဒိုအရောင်းဝန်ထမ်းများနှင့် ဝယ်ယူသူများပဋိပက္ခဖြစ်ပွားနေပြီး မည်သည့်အချိန်တွင် အခန်းရရှိမည်ကို မသိရဖြစ်နေကြောင်း သတင်းရရှိသည်။
The Central ကွန်ဒိုသည် ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းနှင့် ကံဘဲ့လမ်းထောင့် (အင်းယားကန်အနီး) ယခင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနပိုင်နေရာကို နှစ် ၇၀ ငှားရမ်းကာ ဟောင်ကောင်အခြေစိုက် Marga Group ၏ Marga Landmark Development ကုမ္ပဏီက တည်ဆောက်နေခြင်းဖြစ်သည်။

Green Urban Ventures Development ကုမ္ပဏီက တာဝန်ယူတည်ဆောက်နေသည့် The Park ကွန်ဒိုသည် ရန်ကုန်မြို့၊ အလုံမြို့နယ်၊ ဗဟိုလမ်းမကြီးပေါ်တွင် တည်ဆောက်နေသော စီမံကိန်းဖြစ်ပြီး ၂၀၂၇ ခုနှစ်တွင် ပြီးစီမည်ဆိုကာ ကွန်ဒိုအခန်းများရောင်းချထားပြီး လက်ရှိတွင် Foundation အဆင့်သာရှိသေးကြောင်း သိရသည်။
အဆိုပါကွန်ဒိုမှ Residential Unit အဆင့်ရှိ ( Tower – 2) ၊ Level (1)၊ Unit (c) ကွန်ဒိုအခန်းအတွက် ၇၀ ရာခိုင်နှုန်းငွေချေပြီးသော်လည်း ကွန်ဒိုဆောက်လုပ်ရေးလုပ်ငန်းသည် ဖောင်ဒေးရှင်းအဆင့်သာရှိသေးကြောင်း သိရသည်။
“The Park ကွန်ဒိုမှာ စရံဆုံးဖူးတယ်။ တရုတ်သူဌေးကိုယ်တိုင် ဒေါ်လာသိန်းနဲ့ချီလျော့ပေးပြီး ငွေကိုသုံးလအတွင်းအကြေချေခိုင်းတာ။ စရံငွေပိုက်ဆံကို အိမ်လိုက်ယူတယ်။ လောဘကြီးပြီး အငိုက်မိသွားတယ်။ တွေးချိန်မရအောင်ကို ပိတ်ရောင်းတယ် ” ဟု အခန်းဝယ်ယူသူတစ်ဦးက လူမှုကွန်ရက်တွင် ထုတ်ဖော်ရေးသားထားသည်။

The Central ရုံးသို့ကွန်ဒိုဝယ်ယူထားသူများက တိုက်ခန်းအခြေအနေ သွားရောက်မေးမြန်းရာတွင် တာဝန်ရှိသူများက အကျိုးအကြောင်းရှင်းလင်းခြင်းမရှိဘဲ ရုံးဝန်ထမ်းများအပါအဝင် လုံခြုံရေးဝန်ထမ်းများနှင့် ဝယ်ယူသူများ ရုန်းရင်းဆန်ခတ်ဖြစ်ပြီး အော်ဟစ်ပြောဆိုခြင်းနှင့် ရုံးခန်းမီးများပိတ်ကာ နှင်ထုတ်ခြင်းများ ဖြစ်ပွားခဲ့ကြသည်။
စက်တင်ဘာနောက်ဆုံးပတ်တွင် ပြီးခဲ့သည့်ရက်ပိုင်းတွင် The Central Tower 8 Level 26 ရှိ Unit K၊ Unit J အခန်း နှစ်ခန်းဝယ်ယူထားသူက Marga Landmark Development ကုမ္ပဏီသည် ခြောက် နှစ်ကျော်လွန်ပြီးသည့်အထိ ဆောက်လုပ်ခြင်းမရှိသည့်အပြင် အခန်းအပ်နှံမရှိသောကြောင့် ရှေ့နေမှတဆင့် သတိပေးစာပေးပို့ထားသည်။
The Central Tower 8 Level 26 ရှိအခန်း နှစ် ခန်းကို ပြီးစီးအောင်ဆောင်လုပ်၍ အခန်းဖိုးအရစ်ကျရယူကာ ၂၀၂၀ ပြည့်နှစ်တွင် အခန်းအပ်မည်ဟု ကတိပြုရောင်းချသဖြင့် ၂၀၁၉ ခုနှစ်တွင် အခန်းနေထိုင်ခြင်းစာချုပ်ဖြင့် အခန်း ၂ ခန်းကျသင့်ငွေတန်ဖိုး ၉၀ ရာခိုင်နှုန်းညီမျှငွေပေးထားခြင်းဖြစ်ကြောင်းသိရသည်။
လက်ရှိတွင် အဆောက်အအုံကို ၂၀ ရာခိုင်နှုန်းသာ ဆောက်လုပ်ထား၍ ကြာရှည်စွာရပ်ဆိုင်ထားခဲ့ရာ ခြောက် နှစ်ကြာသည့်အထိ အခန်းမရသေးကြောင်း သိရသည်။
အဆိုပါ The Central နှင့် The Park ကွန်ဒိုဆောက်လုပ်ရေးလုပ်ငန်းများမှထုတ်ပြန်ချက်တွင် ကမ္ဘာလုံးဆိုင်ရာနှင့် ဒေသတွင်းစိန်ခေါ်မှုများကိုရင်ဆိုင်ခဲ့ရသော်လည်း အခက်အခဲများကိုကျော်လွှားကာ စီမံကိန်းကို ကတိပြုထားသည့်အတိုင်း ပြီးစီးနိုင်ရေးအတွက် ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်ကြောင်း၊ အွန်လိုင်းပေါ်တွင် ကုမ္ပဏီနှင့်စီမံကိန်းကို လိမ်လည်မှုဟုသော အသုံးအနှုန်းများဖြင့် ဖော်ပြသဖြင့် စွပ်စွဲချက်များကိုပြတ်သားစွာငြင်းဆိုကြောင်းပါဝင်သည်။
ဓာတ်ပုံ – လူမှုကွန်ရက်