ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂ရက်
ရခိုင်ပြည်နယ်အတွင်း မြို့နယ် ၁၄ခုကိုဆုံးရှုံးလိုက်ရသည့် ရွေးတုအစိုးရစစ်တပ်က ပုဏ္ဏားကျွန်းနှင့် ရသေ့တောင်တို့ကို သိမ်းယူမည့် ထိုးစစ်စတင်ခဲ့ရာ စစ်ရှုံးနိမ့်ပြီး အာရက္ခတပ်တော် (AA) ၏ တန်ပြန် ထိုးစစ်ကို အပြင်းအထန် ခုခံကာကွယ်နေရကြောင်း သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၂၉ရက်နေ့တွင် စစ်တွေရှိ တောကန်၊ ရာတန်နှင့် ပုဏ္ဏားကျွန်းမြို့နယ်အစပ်ရှိ အမြင့်ကျွန်းအနီးတို့တွင် တိုက်ပွဲအပြင်းအထန်ဖြစ်ပွားပြီး စစ်တပ်က ခုခံစစ်အဖြစ်ပြောင်းလဲ တိုက်ခိုက် နေရပြီဖြစ်ကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။
”AAက အပြင်းအထန် ထိုးစစ်ဆင်ပြီးကို တိုက်ခိုက်တဲ့အခြေအနေဖြစ်သွားပါပြီ။ စစ်တပ်က လေယာဉ်နဲ့ ဆက်တိုက် ဒုက္ခပေးဖို့ပဲ ကြံစည်နေရပြီ” ဟု သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ယမန်နေ့ အောက်တိုဘာ ၁ ရက်နေ့တွင် စစ်တွေမြို့နယ်အတွင်း လက်နက်ကြီး၊ လက်နက်ငယ်သံများ ထွက်ပေါ်နေခဲ့ပြီး တိုက်ပွဲများအပြင်းအထန် ဖြစ်ပွားနေခဲ့ကြောင်း ဒေသခံများကအတည်ပြုသည်။ စစ်တပ်က မြေပြင်တွင် အထိနာနေသည့်အတွက် ယနေ့ အောက်တိုဘာ ၂ ရက် သန်းခေါင်ကျော်အချိန် ၁၂နာရီ ၄၅မိနစ်တွင် ပုဏ္ဏားကျွန်းမြို့နယ်၊ အောင်ဖြူပြင် ကျေးရွာကို ဂျက်ဖိုက်တာဖြင့် ပေါင် ၅၀၀ ဗုံး ကြဲချတိုက်ခိုက်ခဲ့သည်။
စစ်ရှောင်နေထိုင်နေကြသည့် စစ်ရှောင်နှစ်ဦးနှင့် ဒေသခံတစ်ဦးတို့ ဒဏ်ရာရရှိခဲ့ပြီး နေအိမ်အချို့ ထိခိုက် ပျက်စီးမှုရှိခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် စက်တင်ဘာ ၂၈ရက်က ကျောက်တော်ဗုံးကြဲခံရမှု အရပ်သားများ အစု လိုက်အပြုံလိုက်သေဆုံးမှု ဖြစ်စဉ်ပြီးနောက် စစ်တပ်က ရခိုင်ပြည်နယ်အတွင်း မြို့နယ် လေးခုခန့်ကို ဆက်တိုက် ထပ်မံဗုံးကြဲလာခြင်းဖြစ်သည်။
အင်အား ၁၅၀၀ ကျော်သုံး၍ စစ်မျက်နှာသစ်ဖွင့်လာသည့် စစ်တပ်သည် ထိုးစစ်စသည့် တစ်လပြည့်ကာ နီးကာ လတွင် ထိုးစစ်၊ ချီစစ်မှ ခုခံစစ်အဖြစ်အသွင်ပြောင်းသွားပြီး နေရာ လေးခုတွင် တပ်လန်သွား ခဲ့ပြီဖြစ်ကြောင်း မြေပြင်စစ်ရေးကို AAက ထုတ်ပြန်လာသည်။
စစ်ကြောင်းများ အခြေအနေဆိုးရွားလာချိန်တွင် စစ်တပ်က လေကြောင်းမှတိုက်ခိုက်မှုကို ပြုလုပ်ခဲ့ပြီး အထူးသဖြင့် စစ်ရေးနှင့် မသက်ဆိုင်သည့် အရပ်သားပြည်သူများကို ရည်ရွယ်ချက်ထား တိုက်ခိုက် လာသည်ကို တွေ့ရသည်။
ကျောက်တော်ဈေး ဗုံးကြဲခံရပြီး အစုလိုက်အပြုံလိုက်သေဆုံးခဲ့ရမှု ဖြစ်စဉ်ကို ကုလသမဂ္ဂ လူ့အခွင့် အရေး မဟာမင်းကြီးမှစကာ ယူကေအစိုးရအပါအဝင် အာဆီယံအဖွဲ့အစည်းများက ရှုတ်ချကြောင်း ဖော်ပြခဲ့ကြသော်လည်း စစ်တပ်က ယမန်နေ့ အောက်တိုဘာ ၁ရက်တွင် ကျောက်တော်မြို့ကို ထပ်မံဗုံးကြဲ တိုက်ခိုက်ခဲ့သည်။
ပုံစာ-AA တပ်ဖွဲ့ဝင်များနှင့် တိုက်ပွဲအတွင်း စစ်တပ်ထံမှ သိမ်းဆည်းရရှိသည့်များ။