ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂ ရက်
ကရင်အမျိုးသားအစည်းအရုံး(KNU) အုပ်ချုပ်နယ်မြေ၊ မူတြော်ခရိုင် (ဖာပွန်)တွင် ပြီးခဲ့သည့် စက်တင်ဘာအတွင်းဖြစ်ပွားခဲ့သည့် တိုက်ပွဲများ၌ ရွေးတုအစိုးရလက်အောက်ခံစစ်တပ်ထံမှ လက်နက်ငယ် ၁၃ လက် သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
ကတိုင်တိ-ကမမောင်းဒေသ၊ ဘုရားကုန်းအကြားတွင် စစ်ရေးလှုပ်ရှားမှုများပြုလုပ်နေသည့် စစ်တပ်စစ် ကြောင်းကို ပြီးခဲ့သည့် စက်တင်ဘာ၂၅ ရက်နေ့တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) နှင့်တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ MA-1 သုံး လက်၊ MA-3 တစ် လက်နှင့် K3 သုံး လက် စုစုပေါင်း သေနတ် ခုနစ် လက် သိမ်း ဆည်းရရှိခဲ့ကြောင်း သိရသည်။
ထို့ပြင် စက်တင်ဘာ ၁၆ ရက်နေ့ကလည်း နိုဃဲထာဒေသရှိ စစ်တပ်အား KNLA ပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ MA-1 နှစ်လက်နှင့် MA-3 တစ် လက် သိမ်းဆည်းရမိခဲ့ပြီး စက်တင်ဘာ ၁၄ ရက်နေ့က ဖြစ်ပွားခဲ့သည့် ဝါသိုးခိုဒေသအတွင်း တိုက်ပွဲ၌လည်း စစ်တပ်ထံမှ လက်နက် သုံးလက် ထပ်မံ သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။
လက်ရှိတွင် စစ်တပ်စစ်ကြောင်းများမှာ ဖာပွန်မြို့သို့ စစ်ကူပေးနိုင်ရေးအတွက် စစ်ကြောင်းထိုးမှုများကို အဆက်မပြတ် လုပ်ဆောင်နေသည့်အတွက် တော်လှန် ရေးပူးပေါင်းတပ်ဖွဲ့များနှင့် နေ့စဉ်ထိတွေ့တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားလျက်ရှိကြောင်းလည်း KNU ထုတ်ပြန်ချက်အရ သိရသည်။
ရွေးတုအစိုးရဘက်ကမူ ၎င်းတို့အနေဖြင့် ဖာပွန်-ကမမောင်း လမ်းပေါ်ရှိ ဆင်စွယ်ကျေးရွာကို ပြီးခဲ့သည့်စက်တင်ဘာ ၂၇ ရက်နေ့က သိမ်းပိုက်နိုင်ခဲ့ပြီး အဆိုပါလမ်းတစ်လျှောက်ကို ပြန်လည်ထိန်းချုပ်နိုင်ရေးအတွက် စစ်ကြောင်းထိုးမှုများလုပ်ဆောင်နေကြောင်းလည်း ပြောဆိုခဲ့သည်။
ဓာတ်ပုံ – KNU