ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂ ရက်
မကွေးတိုင်း၊ ငဖဲမြို့နယ်၊ ပဒါန်းတပ်နယ်ရှိ စစ်တပ်၏ တပ်မတစ်ခုဖြစ်သည့် စကခ ၁၀ရှိ အင်အားအချို့ကို ညောင်ကျိုးဘက်သို့ ပြန်လည်ခေါ်ယူမှုပြုလုပ်ထားကြောင်း သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာ လကုန်ရက်ပိုင်းအတွင်းက နတ်ရေကန်လမ်းကြောင်းတွင် တပ်ဖြန့်ထားသည့် စကခ ၁၀မှ အင်အားအချို့ကို အထိုင်စခန်းဌာနချုပ်ရှိရာ ညောင်ကျိုးသို့ စစ်သုံးကား
ခြောက်စီးဖြင့် ပြန်လည် ခေါ်ထုတ်သွားကြောင်း သိရသည်။
”AAနဲ့ ရင်ဆိုင်ရတဲ့နေရာတွေက အင်အားတွေကို နောက်တန်းပြန်ခေါ်စုဖွဲ့မှု လုပ်နေတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက ဧရာဝတီတိုင်းထဲ တပ်အချို့ပြန်ဝင်ထားတယ်။ အခု စကခ ၁၀တပ်အချို့ကို ပြန်စုဖွဲ့နေတယ်” ဟု သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ပဒါန်းရှိ ကပစ ၁၄နှင့် အမြောက်စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် မစခ ၉၀၅ မှ စစ်အင်အားများကိုတင်၍ ပန်းတောင်းတပ်နယ်ဘက် ထွက်ခွါမှုရှိခဲ့သည်။ အဆိုပါ စကခ ၁၀မှ အင်အားများကို ပြီးခဲ့သည့် ဇူလိုင် ၂၄ရက်နေ့က နတ်ရေကန်လမ်းကြောင်းကို ပို့ခဲ့ခြင်း ဖြစ်သည်။
စကခ ၁၇မှ လက်ကျန်အင်အားနှင့် ညောင်ကျိုးမှဆွဲထုတ်လာသည့် မော်လိုက်အခြေစိုက် စကခ ၁၀တို့ နတ်ရေကန်လမ်းကြောင်းကို ပူးပေါင်းထိုးစစ်ဆင်ပြီး ဆုံးရှုံးထားသည့် အမ်းမြို့နယ်ကို ပြန်လည်ရယူရန် မူလစီစဉ်မှုရှိခဲ့သော်လည်း ယခု တပ်မနှစ်ခုပေါင်း စစ်ဆင်ရေးမှာလည်း စစ်တပ်က အထိနာနေကြောင်း သိရသည်။
နတ်ရေကန်ဗျူဟာကိုကာကွယ်ရန် စစ်တပ်က တပ်မ လေးခုအထိ အသုံးပြုခဲ့ရပြီး ပထမဆုံးတပ်မ ၈၈မှာ အမ်းကိုစစ်ကြောင်းထိုးစေရာ ပဲပဒုံဂိတ်မှ ပြန်ပြေးခဲ့ရပြီး နတ်ရေကန်တွင် အထိုင်ခံစစ်ဖြစ်ခဲ့ရသည်။ ထို့နောက် တပ်မ ၉၉မှ အင်အား ၁၅၀၀ ကျော်ကို ထပ်မံပို့ဆောင်ခဲ့ခြင်းဖြစ်သည်။
ရှစ်လခန့်အကြာ ခံစစ်အသေနှင့် လှုပ်ရှားနေရသည့် တပ်မ ၉၉ကို ပြန်လည်ခေါ်ယူရာတွင် နတ်ရေကန်မှ ပဒါန်းလမ်းဆုံထိ အင်အား ၇၀၀၊ ပဒါန်းလမ်းဆုံမှ ဆုံကုန်းအမြောက်တပ်အထိ အင်အား ၃၀၀ သာနောက်ဆုံးကျန်ရှိပြီး အင်အား ၅၀၀ မှာ သေဆုံးပျောက်ပျက် စာရင်းသွင်းခဲ့ရကြောင်း သိရသည်။
ပြီးခဲ့သည့် ဇူလိုင် ၂၄ရက်နှင့် ၂၅ရက်က ခေါ်သွင်းလာသည့် စစ်ကား အစီး ၇၀နှင့် အင်အားအပြည့်ပါ စစ်ကူယာဉ်တန်းမှာ ညောင်ကျိုးမှ တပ်ပျက် စကခ ၁၀ဖြစ်ပြီး ၎င်းတို့မှာလည်း စကခမှူးပါ AAလက်ချက်ဖြင့်သေဆုံးခဲ့ရပြီး အထိနာနေသည့်တပ်ဖြစ်သည်။
နတ်ရေကန်ကို စစ်တပ်က အင်အားထောင်ချီဖြင့်ကာကွယ်နေရပြီး AAနှင့်တော်လှန်ရေးတပ်များကလည်း တက်လာသည့် စစ်ကူစစ်ကြောင်းများကို အမှည့်ခြွေ ခြွေထားသည့်အခြေအနေဖြစ်သည်။ စစ်တပ်က ပဒါန်းတပ်နယ်အတွင်း ဒုံးတပ်ဖွဲ့များကိုပါစေလွှတ်ထားပြီး အပြင်းအထန် ခုခံနေခြင်းဖြစ်သည်။
အမ်းမြို့သိမ်းတိုက်ပွဲပြီးနောက် မကွေးတိုင်းအတွင်း စစ်နယ်မြေဖြန့်ကျက်လာသည့် AAကို ရင်ဆိုင်ရန် စစ်တပ်က နတ်ရေကန်လမ်းကြောင်းတစ်ခုတည်းကိုပင် တပ်မ ၈၈၊ တပ်မ ၉၉၊ မိုင်းပန်အခြေစိုက် စကခ ၁၇၊ မော်လိုက်အခြေစိုက် စကခ ၁၀တပ်များကို သုံးနေရခြင်းဖြစ်သည်။
စစ်ရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့များထံမှ ထွက်ပေါ်လာသည့် ဂြိုဟ်တုဓာတ်ပုံများအရ စစ်တပ်က အသေခံကာကွယ်နေသည့် ကမ္ဘာလုံးစခန်းကြီးမှာလည်း ပြိုကျပျက်စီးသွားပြီဖြစ်သည်။