ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁ ရက်
သာပေါင်းနှင့် ရေကြည်အစပ် ဘုရားကြီးအထိုင်စခန်းမှ စစ်တပ်နှင့် ရာအိမ်မှူး ပူးပေါင်း၍ လဟာကြီးကွင်း အနောက်ဘက်ရှိ ရိုးမအခြေရှိ ကျေးရွာများမှ အသက်မွေးဝမ်းကျောင်းပြုနေကြသည့် ဒေသခံများထံမှ မတရား အဆမတန် ငွေကြေးများ တောင်းခံနေကြောင်း သိရသည်။
စစ်ဘေးကြောင့် ကြပ်တည်းနေရသည့် ပြည်သူများမှာ ဘုရားကြီးကျေးရွာမှ ရာအိမ်မှူး ကိုဦးနှင့် စစ်တပ် ပူးပေါင်းအဖွဲ့၏ အဆိုပါ မတရား ငွေကြေးတောင်းခံမှုများကြောင့် အခက်အခဲပေါင်းစုံနှင့် ရင်ဆိုင်နေရပြီး ခြိမ်းခြောက်ခံရသည့် အခြေအနေများနှင့် ကြုံတွေ့နေရကြောင်း သိရသည်။
ဒေသခံ ရွာသားများမှာ ရိုးမတောင်ကို မှီခိုလုပ်ကိုင်
စားသောက်နေရပြီး စစ်ဖြစ်နေသည့်အတွက် တောတောင်များအတွင်း မသွားရတော့ဘဲ ဥယျာဉ်များအတွင်းမှ သစ်ခုတ်၊ မီးသွေးဖုတ်ပြီး ကြံဖန်စားသောက်နေရကြောင်း သိရသည်။
”ကိုဦး က စစ်တပ်နဲ့ ပူးပေါင်းပြီး လမ်းပြလုပ်၊ ရှေ့က ဦးဆောင်တောင်းနေတာ။ စစ်သားကမှ ‘ဒီလောက်ပဲယူပါ ဆရာကြီးတို့ရယ်’ လို့ ပြောလို့ရတယ်။ သူက လက်မခံဘူး။ သူ့လိုချင်သလောက် အတင်းတောင်းတာ။ ခုဆို အဲဒီကောင်က ဘာမှ လုပ်မစားတော့ဘူး။ သူတောင်းစားဘဝနဲ့ အဆင်ကို တအားပြေနေပြီ။ ခု ဒေသခံတွေဘဝက မြွေပူရာ ကင်းမှောင့်တဲ့အပြင် ကျားပါ ကြောက်နေရတဲ့ ဘဝဖြစ်နေပြီ” ဟု ဒေသခံနှင့်နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
သာပေါင်း ခေနံအုပ်စုတွင်လည်း စစ်တပ်နှင့် ရဲများ ပူးပေါင်းကာ ဒေသတွင်း ရောင်းဝယ်ဖောက်ကားသည့် ဆန်နှင့် သစ် သယ်ယူခွင့်အတွက်ငွေမတရားတောင်းခံနေပြီး ပစ္စည်းသိမ်းသည်အထိ ဆိုးရွားနေသည်။
”မလုပ်ကောင်းကြပါဘူးကွယ်၊ တို့တောင်ခြေက ရွာသားတွေက ငတ်မသေရုံလေး လုပ်စားနေရတာပါ။ လှည်းတွေ၊ နွားတွေက ပေါ်တာလိုက်ရ၊ လူကျတော့လည်း လုပ်စားတော့ ဆက်ကြေးက တောင်းပြန်နဲ့။ ကြာရင် အငတ်ဘေး ဆိုက်လာကြတော့မှာပဲ” ဟု ဒေသခံများ၏ ဒုက္ခနှင့် အခက်အခဲများကို သတင်းရင်းမြစ်က ပြောသည်။
စစ်တပ်စခန်းများချထားသည့်နေရာများတွင် စစ်တပ်က ဒေသခံရွာသားများကို ပေါ်တာဆွဲခေါ်ယူထားပြီး ခဲယမ်းများကို သယ်ယူရာတွင် ခိုင်းစေသည့်အပြင် စစ်ကြောင်းအရှေ့က ချီတက်စေပြီး လူသားဒိုင်းကာအဖြစ်ပါ အသုံးပြုကြောင်း သိရသည်။
ထို့အပြင် သာပေါင်းနှင့် ရေကြည်အစပ်တွင် စစ်ရေးအခြေအနေမှာ ပြန်လည်တင်းမာလာပြီး စစ်တပ်က နေရာအနှံ့နင်းမိုင်းများထောင်ကာ မိုင်းနင်းမိသည့် ရွာသားများထံက မိုင်းကြေးအလျော်တောင်းယူသည်အထိ ပြုလုပ်နေခြင်း ဖြစ်သည်။