ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁ ရက်
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ ကစ္ဆပနဒီ တံတားအနီးရှိ ဈေးကို ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် အရပ်သား အစုလိုက် အပြုံလိုက် သေဆုံးခဲ့ရသည့် ကျောက်တော်မြို့ကို စစ်တပ်က ယနေ့ အောက်တိုဘာလ ၁ ရက်တွင် လေကြောင်းမှ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ယနေ့ အောက်တိုဘာ ၁ရက်၊ နေ့လယ် ၁ နာရီဝန်းကျင်တွင် ကျောက်တော်မြို့ပေါ်၊ ဇီးချောင်းဘက်နှင့် အနီးဝန်းကျင်နေရာများကို စစ်တပ်က ဂျက်ဖိုက်တာများဖြင့် အုပ်စုလိုက် ပျံသန်းကာ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် မြို့ပေါ်မှ ပေါက်ကွဲသံများ ကျယ်လောင်စွာ ကြားခဲ့ရကြောင်း မြို့ခံများထံမှ သိရသည်။
”သုံးလုံးလောက် ကြဲချတယ်ကို ထင်တာ။ ကြဲပြီးလည်း ဂျက်ဖိုက်တာက ထပ်ဝဲနေသေးတာ” ဟု သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထို့အပြင် ယနေ့ နေ့လယ် ၁၂ နာရီ ၃၉ မိနစ်တွင်လည်း ကျောက်တော်မြို့ပေါ်၌ တံတားဦးမှ တက်လာသည့် ဂျက်ဖိုက်တာ ပျံသန်းခဲ့ကြောင်း လေကြောင်းစောင့်ကြည့်ဖော်ပြနေသည့် ဝေဟင်၏ သတင်းချက်အလက်များအရ သိရသည်။ ယခုဖြစ်ပွားခဲ့သည့် လေကြောင်းတိုက်ခိုက်မှုအတွင်း ထိခိုက်သေဆုံးမှုနှင့် ထိမှန်သည့်နေရာ အသေးစိတ်ကိုမူ သီးခြားအတည်မပြုနိုင်သေးပေ။
ထို့ပြင် ယနေ့ နံနက် ၉ နာရီကျော်ကလည်း ကျောက်ဖြူမြို့နယ်၊ စနဲမြို့ပတ်ဝန်းကျင်ကို စစ်တပ်က လေ ကြောင်းမှ လာရောက်ဗုံးကြဲခဲ့ကြောင်း သိရသည်။ ဒေသခံများ စစ်ရှောင်ပြေးနေရသည့်အတွက် လူထိခိုက် သေဆုံးမှုမရှိကြောင်း သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၂၈ ရက်ကလည်း ကျောက်တော်မြို့နယ်၊ ကစ္ဆပနဒီတံတားအနီးရှိ အရပ်သားများ ရှိနေသည့် အိန္ဒိယဈေးကို စစ်တပ်က ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးသူငယ်များနှင့် အမျိုးသမီးများအပါအဝင် အရပ်သား အနည်းဆုံး ၅၀ ဦး သေဆုံးကာ ၅၈ဦး ဒဏ်ရာရရှိခဲ့သည်။
အဆိုပါ ဗုံးကြဲတိုက်ခိုက်မှု ဖြစ်စဉ်နှင့် ပတ်သက်၍ မျက်မြင်ကြုံတွေ့ခဲ့ရသူများနှင့် တိုက်ရိုက်သိရှိထားသူများအနေဖြင့် သက်သေအထောက် အထားများ ပေးပို့ရန် ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM) က ထုတ်ပြန် တောင်းဆိုထားသည်။
အလားတူ ယမန်နေ့ စက်တင်ဘာ ၃၀ ရက် ညပိုင်းတွင်လည်း ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ရသေ့တောင်နှင့် ဝီရဌာနီ (ပေါက်တော) မြို့နယ်တို့တွင် စစ်တပ်က ဂျက်ဖိုက်တာ၊ Y-12 လေယာဉ်တို့ဖြင့် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ တစ် ဦး သေဆုံးပြီး ရှစ် ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ- AA Info Desk
ပုံစာ- ပုံဟောင်း