ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁ ရက်
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့၊ အိန္ဒိယဈေးကို ရွေးတုအစိုးရစစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့မှုအပေါ် အာရက္ခတပ်တော် (AA) အပါအဝင် တော်လှန်ရေးအင်အားစုများနှင့် လက်တွဲ၍ အရှိန်အဟုန်မြှင့် ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ပအိုဝ်းအမျိုးသားဖက်ဒရယ် ကောင်စီ (PNFC) က တုံ့ပြန်ပြောကြားခဲ့သည်။
ရွေးတုအစိုးရစစ်တပ်၏ ရက်စက်ကြမ်းကြုတ်သော ယင်းလုပ်ရပ်အပေါ် ပြင်းထန်စွာ ရှုတ်ချကြောင်း PNFC က ထုတ်ပြန်ခဲ့ပြီး ကျန်ရစ်သူမိသားစုများအပါအဝင် အာရက္ခပြည်သူများ၏ နာကျင်ခံစားရမှုများ နှင့် ထပ်တူထပ်မျှ အလွန်အမင်း ဝမ်းနည်းကြေကွဲရကြောင်း ဖော်ပြထားသည်။
ထို့အပြင် နိုင်ငံတစ်ဝန်းရှိ လူမျိုးစုံပြည်သူများအပေါ် နေ့စဉ်နှင့်အမျှ ကြီးလေးသည့် စစ်ရာဇဝတ်မှုများ ကျူးလွန်နေသော ရွေးတုသမ္မတ မင်းအောင်လှိုင်အပါအဝင် အကြမ်းဖက်စစ်တပ်နှင့် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေး အဖြေရှာရေးဆိုသည်မှာ ဖြစ်နိုင်ခြေ အခြေအနေမရှိတော့ဟု မှတ်ယူကြောင်း PNFC က ဆိုသည်။
ယင်းအပြင် ကျူးလွန်နေသော ကြီးလေးသည့် စစ်ရာဇဝတ်မှုများအတွက် တာဝန်အရှိဆုံးဖြစ်သော စစ်ခေါင်းဆောင် အသွင်ပြောင်းရွေးတုသမ္မတနှင့် အပေါင်းအပါအားလုံးကို ပြည်သူ့တရားရုံးများ၌ ကျူးလွန်သည့်ပြစ်မှုအလျောက် ထိုက်တန်သော တရားဥပဒေအရ စီရင်ခြင်းကို မလွဲမသွေ ခံယူစေရမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
စက်တင်ဘာ ၂၈ ရက်၊ နံနက်ပိုင်းတွင် ပြည်သူများ ကူးသန်းရောင်းဝယ်ဖောက်ကားနေသည့် ကျောက်တော်မြို့မဈေးကို ရွေးတုအစိုးရစစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီးများနှင့် ကလေးသူငယ်များအပါအဝင် အပြစ်မဲ့ပြည်သူ ၅၀ ဦး သေဆုံးကာ ၅၈ ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ထိုသို့ စစ်ရေးပစ်မှတ်မဟုတ်သည့် ဈေးနေရာကို တိုက်ခိုက်ခြင်းသည် ဂျနီဗာကွန်ဗင်းရှင်းအပါအဝင် နိုင်ငံ တကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေများကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခြင်းဖြစ်ပြီး ထင်ရှားသော စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ပြစ်မှုပင်ဖြစ်ကြောင်း သိရသည်။
အဆိုပါ လုပ်ရပ်အပေါ် AA နှင့် တော်လှန်ရေးအင်အားစုများအပါအဝင် လူမျိုးဒေသစုံ ပြည်သူလူထု တစ်ရပ်လုံးနှင့်အတူ လက်တွဲ၍ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချုပ်ငြိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးနှင့် တရားမျှတမှု ဖော်ဆောင်ရေးတို့ကို အရှိန်အဟုန်မြှင့် ဆက်လက် တိုက်ပွဲဝင်သွားမည်ဟု PNFC က အခိုင်အမာ ဆိုထားသည်။
အလားတူ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့ အစည်းများ (EROs)၊ တော်လှန်ရေးအင်အားစုများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းတို့ကလည်း အဆိုပါ အကြမ်းဖက်တိုက်ခိုက်မှုကို ပြင်းထန်စွာ ရှုတ်ချထားသည်။
ဓာတ်ပုံ – PNFC