ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁ ရက်
ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ကမ္ဘားကြီးကျေးရွာရှိ စစ်တပ်စခန်းများအပေါ် သို့ AA နှင့် PDF ပူးပေါင်းတပ်ဖွဲ့များက ကင်းထောက်ဒရုန်းများဖြင့် ဆက်တိုက် ကင်းထောက်မှုများ ပြုလုပ်သည့်အတွက် စစ်တပ် တပ်ဖွဲ့ဝင်များ ထွက်ပြေးကြကြောင်း သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၂၉ရက်တွင် အဆိုပါ ကင်းထောက်မှုများကြောင့် စစ်တပ်တပ်ဖွဲ့ဝင်များသည် ကမ္ဘာကြီးဘုန်းကြီးကျောင်းအတွင်းသို့ ဝင်ရောက်ပုန်းအောင်းခဲ့ကြကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။
ထို့ပြင် စစ်တပ်နှင့်ပတ်သက်ဆက်နွယ် ရင်းနှီးသော ဒေသခံအချို့အား AAရောက်လာပါက စစ်တပ်စစ်ကြောင်းလည်းပြေးမည်ဖြစ်ပြီး ဒေသခံများလည်း ပြေးကြရန် စစ်တပ်ဘက်က ပြောဆိုကြောင်း သိရသည်။လက်ရှိတွင် အဆိုပါဒေသ၌ တိုက်ပွဲများ ကြိုကြား ဖြစ်ပွားလျက် ရှိသည်။
”ဗိုလ်မှူးဆိုသူပြောတာက ခင်ဗျားတို့လည်း အထုပ်အပိုးပြင်ထားကြ၊ ကျုပ်တို့လည်း ပြင်ထားပြီ၊ သူတို့လာရင် ကျုပ်တို့လည်း အသေမခံနိုင်ဘူး၊ ပြေးမှာပဲဆိုပြီး ပြောထားတယ်” ဟု သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကိုပြောသည်။
ယမန်နေ့ စက်တင်ဘာ ၃၀ ရက်နေ့က ကမ္ဘားကြီး ရှေ့တန်းစခန်းသို့ စစ်တပ် နောက်တန်းစခန်းမှ ရိက္ခာများ၊ ကျည်များနှင့် ဒရုန်းများကို ပေးပို့ခဲ့ကြောင်း သိရသည်။ အဆိုပါ ထောက်ပံ့ရေး လမ်းကြောင်းမှာ တဇောင်းရိုး-စက်ဒေါင့်ကြီး လမ်းဖြစ်ပြီး၊ စက်ဒေါင့်ကြီးမှတစ်ဆင့် စက်လှေများဖြင့် ဘိုးတော်ချောင်းအတိုင်း ကမ္ဘားကြီးသို့ ပေးပို့ခဲ့ခြင်း ဖြစ်သည်။
စက်ဒေါင့်ကြီးမှ ကမ္ဘာကြီးသို့ ဒေသတွင်းရှိ စက်လှေများက အလှည့်ကျ သယ်ယူပို့ဆောင်ပေးနေရပြီး လှေပေါ်တွင် စစ်တပ်ဘက်မှ လူနာများပါရှိပါက စက်လှေဖြင့် စက်ဒေါင့်ကြီးသို့ ပို့ဆောင်ကာ ထိုမှတစ်ဆင့် ကားဖြင့် ဆက်လက်ပို့ဆောင်နေကြကြောင်း သိရသည်။
လက်ရှိတွင် စက်ဒေါင့်ကြီး၌ အထိုင်စစ်တပ်များ ရှိနေသည့်အပြင် ဘုရားကြီးတွင်လည်း စစ်တပ်စခန်းရှိနေကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။