ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁ ရက်
မြန်မာနိုင်ငံမှ လေဖိအားနည်းရပ်ဝန်း ဖြတ်ကျော်သွားပြီးဖြစ်သောကြောင့် အစိမ်းရောင်အဆင့် သတ် မှတ်လိုက်ပြီဖြစ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန (မိုး/ဇလ)က ထုတ်ပြန် သည်။
ချင်းပြည်နယ်နှင့် ဆက်စပ်လျက်ရှိသော အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ကို ဖြတ်ကျော်လာသည့် အားကောင်းသော လေဖိအားနည်းရပ်ဝန်းသည် မြန်မာနိုင်ငံကို ဖြတ်ကျော်ပြီးနောက် ဘင်္ဂလားဒေ့ရှ် နိုင်ငံအရှေ့တောင်ပိုင်းနှင့် ဆက်စပ်နေသော မီဇိုရမ်ပြည်နယ်အတွင်း၌ လေဖိအားနည်းရပ်ဝန်းအဖြစ် အားလျော့သွားပြီဖြစ်သည်။
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှ စတင်ဖြစ်ပေါ်လာသော အားကောင်းသည့် လေဖိအားနည်းဆဲလ်သည် မြန်မာ နိုင်ငံတောင်ပိုင်းဒေသကို ဖြတ်ကျော်ကာ ကုန်းတွင်းပိုင်း မုန်တိုင်းငယ်အဖြစ် ဖြစ်ပေါ်ခဲ့ပြီးမှ ယခုကဲ့သို့ လေဖိ အားနည်းရပ်ဝန်းအဖြစ် အားလျော့သွားခြင်း ဖြစ်သည်။

လက်ရှိတွင် ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားအနည်းငယ်မှ အားအသင့်အတင့် ရှိနေပြီး တိမ်အသင့်အတင့်မှ တိမ်ထူထပ်လျက်ရှိကာ လာမည့် နှစ်ရက်အတွင်း မြစ်ဝကျွန်းပေါ်ဒေသများတွင် မိုးထစ်ချုန်းမည့်အခြေအနေများ ဆက်လက် ဖြစ်ပေါ်နေမည် ဖြစ်သည်။
ထို့ပြင် မိုးတိမ်တောင် ဖြစ်ပေါ်မှု အားကောင်းနေခြင်းကြောင့် နေပြည်တော်၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) တို့တွင် မိုးရွာသွန်း ခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း သိရသည်။
ယင်းအပြင် မိုးတိမ်တောင်များ ရွေ့လျားရာ တစ်လျှောက်တွင် မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်သဖြင့် ဒေသခံပြည်သူ များ အထူးသတိပြုကြရန် မိုး/ဇလက သတိပေး ထုတ်ပြန်ထားသည်။
မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ကာ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် ၂၅ မိုင်မှ ၃၀ မိုင်အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့်မှာ ၈ ပေမှ ၁၀ ပေအထိ ရှိနိုင်ကြောင်း သိရသည်။
ဓာတ်ပုံ – မိုး/ဇလ