ဧရာ၀တီတိုင်းမ်
(တောင်ငူ) ၊ အောက်တိုဘာ ၁ ရက်
ပဲခူးတိုင်း၊ တောင်ငူမြို့၊ အုတ်ကျွတ်တန်းရပ်ကွက် (၁၀) တွင် စိတ်ကယောင်ချောက်ခြားဖြစ်နေသည့် သားဖြစ်သူက မိခင်ဖြစ်သူအား ဓားဖြင့် ခုတ်သတ်ခဲ့သည့် လူသတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
တောင်ငူမြို့၊ အုတ်ကျွတ်တန်း (၁၀) ရပ်ကွက်၊ ၁၀ လမ်းကြားရှိ နေအိမ်တွင် စက်တင်ဘာ ၃၀ ရက်၊ နံနက် ၅ နာရီဝန်းကျင်က တစ်အိမ်တည်းအတူနေ မိခင်ဖြစ်သူ ဒေါ်ငြိမ်းငြိမ်းစံ (၄၉ နှစ်) (စီမံကိန်းဦးစီးအရာရှိ၊ ရေတာရှည်) ကို သားဖြစ်သူ ဟန်ထူးအောင် ၂၂ နှစ် က စိတ်ကယောင်ချောက်ခြားဖြစ်ကာ ဓားမဖြင့် ဝင်ရောက်ခုတ်သတ်ခဲ့ခြင်း ဖြစ်သည်။

ထိုကဲ့သို့ ခုတ်ထစ်မှုကြောင့် ဒေါ်ငြိမ်းငြိမ်းစံတွင် ညာလက်ခလယ်နှင့် လက်သန်းပြတ်ရှဒဏ်ရာ၊ နှာခေါင်းနှင့် ပါးစပ်ပြတ်ရှဒဏ်ရာ၊ ဘယ်ဦးခေါင်း ပြတ်ရှဒဏ်ရာ၊ ဘယ်ဘက်လက်ကောက်ဝတ် ပြတ်ရှ ဒဏ်ရာအပြင် မေးစေ့တို့တွင် ပြတ်ရှဒဏ်ရာများ ပြင်းထန်စွာ ရရှိသွားခဲ့ပြီး တောင်ငူဆေးရုံ ကြီးတွင် ဆေးကုသမှုခံယူနေစဉ် သေဆုံးသွားခဲ့ကြောင်း သိရသည်။
မိခင်ဖြစ်သူအား စိတ်ကယောင်ချောက်ခြားဖြစ်ကာ ဓားဖြင့်ခုတ်သတ်ခဲ့သည့် တောင်ငူမြို့၊ အမှတ် (၁၀) ရပ်ကွက်၊ ၁၀ လမ်းနေ ဟန်ထူးအောင်အား တောင်ငူမြို့မရဲစခန်းတွင် ရာဇသတ်ကြီးဥပဒေ ပုဒ်မ – ၃၀၂ ဖြင့် အမှုရေးဖွင့်ကာ တရားဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပုံစာ-တရာခံ ဟန်ထူးအောင်အားတွေ့ရစဉ်။