ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁ ရက်
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့၊ အိန္ဒိယဈေးနှင့် ကစ္ဆပနဒီတံတားဝန်းကျင်ကို ရွေးတုအစိုးရစစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် ပြည်သူ ၅၀ ကျော် အစုလိုက်အပြုံလိုက် သေဆုံးကာ လူ ၅၀ ကျော် ဒဏ်ရာရရှိခဲ့သည့်အပေါ် ကုလသမဂ္ဂ(UN)၊ ဥရောပသမဂ္ဂ (EU)၊ ဗြိတိန်နိုင်ငံ(UK)နှင့် နိုင်ငံ တကာအဖွဲ့အစည်းများက ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချခဲ့ကြောင်း သိရသည်။
စက်တင်ဘာ ၂၈ ရက်က ဖြစ်ပွားခဲ့သော အဆိုပါ လေကြောင်းတိုက်ခိုက်မှုအပေါ် ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂ ၊ ဗြိတိန်နိုင်ငံနှင့် အာဆီယံ လူ့အခွင့်အရေး လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့ (APHR) တို့က ပြင်းထန်စွာ ရှုတ်ချလိုက်ပြီး ကျူးလွန်သူများအပေါ် တာဝန်ခံမှုရှိစေရန်နှင့် စစ်ရေးအကြမ်းဖက်မှု များအပါအဝင် တရားမဲ့ပြုမူမှုများကို ရပ်တန့်ရန် တောင်းဆိုခဲ့ကြသည်။

စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အသက်ပေါင်းများစွာ ဆုံးရှုံးရသဖြင့် ဗြိတိန်နိုင်ငံအနေဖြင့် အလွန်အမင်း စိုးရိမ်တုန်လှုပ်မိကြောင်းနှင့် အရပ် သားပြည်သူများကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းကို လုံးဝလက်ခံနိုင်ဖွယ်မရှိကြောင်း ယမန်နေ့ စက်တင်ဘာ ၂၉ ရက်တွင် ဗြိတိန်သံရုံးက ထုတ်ပြန် ထားသည်။
“UK အစိုးရအနေနဲ့ ဒီဆိုးရွားလှတဲ့ တိုက်ခိုက်မှုအပေါ် ပြင်းပြင်းထန်ထန် ရှုတ်ချပါတယ်။ ယူကေ အစိုးရအနေနဲ့ မြန်မာပြည်သူများနဲ့အတူ ရပ်တည်ပါတယ်။ အရပ်သားပြည်သူအားလုံးကို အကာအကွယ်ပေးရန်၊ လေကြောင်းတိုက်ခိုက်မှုတွေ ရပ်တန့်ရန် ပြတ်ပြတ်သားသား ပြောကြားထားပြီး ဖြစ်ပါတယ်” ဟု ယူကေနိုင်ငံ အင်ဒို-ပစိဖိတ်ရေးရာဝန်ကြီး Baroness Winterton က ပြောကြားသည်။
အဆိုပါတိုက်ခိုက်မှုတွင် ကျူးလွန်သူများကို ထိုက်သင့်သော တာဝန်ယူမှု၊ တာဝန်ခံမှုရှိလာရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ကုလသမဂ္ဂ ပြောရေးဆိုခွင့် ရှိသူ စတက်ဖန်ဒူဂျာရစ်က ဆိုသည်။

“ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က အရပ်သားတွေအပေါ် အခုလို အကြမ်းဖက်တိုက်ခိုက်နေတာတွေကို ပြင်းထန်စွာ ရှုတ်ချပါတယ်။ အရပ်သားတွေကို ကာကွယ်ပေးဖို့နဲ့ နိုင်ငံတကာဥပဒေတွေကို လိုက်နာပြီး အကြမ်းဖက်မှုတွေကို ချက်ချင်းရပ်တန့်ဖို့ ပဋိပက္ခမှာ ပါဝင်သူအားလုံးကို တောင်းဆိုပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
လက်ရှိတွင် အဆိုပါ တိုက်ခိုက်မှုများနှင့် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် ဒုက္ခသည် များနှင့် ရိုဟင်ဂျာအသိုင်းအဝိုင်းအနေဖြင့် ဘေးကင်းလုံခြုံစွာနှင့် ဂုဏ်သိက္ခာရှိရှိ နေရပ်ပြန်နိုင်မည့် အခြေအနေ မရှိသေးကြောင်း သိရသည်။
“စစ်အုပ်စုဟာ (ရွေးတုအစိုးရစစ်တပ်) မြေပြင်မှာ နယ်မြေစိုးမိုးနိုင်စွမ်း မရှိတော့တာကြောင့် နိုင်ငံ တစ်ဝန်းက လူစည်ကားရာဒေသတွေကို တိုက်လေ ယာဉ်တွေနဲ့ ဒရုန်းတွေသုံးပြီး တိုက်ခိုက်တာကို အဓိက အားကိုးနေပါတယ်။ မင်းအောင်လှိုင်နဲ့ စစ်တပ်ရဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို ရပ်တန့်ရပါမယ်။ မြန်မာစစ်ကောင်စီဟာ တာဝန်ခံရပါမယ်” ဟု အင်ဒိုနီးရှားနိုင်ငံ လွှတ်တော်အမတ်နှင့် APHR ၏ ဥက္ကဋ္ဌဖြစ်သူ Mercy Chriesty Barends က ပြောကြားသည်။

ထို့ပြင် လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးရသူများ၏ မိသားစုများထံ ထပ်တူထပ်မျှ ဝမ်းနည်း ကြေကွဲရကြောင်း၊ တရားမျှတမှု ရရှိရေးနှင့် ရွေးတုအစိုးရစစ်တပ်၏ အကြမ်းဖက်အုပ်ချုပ်မှုကို အဆုံးသတ်ရေးအတွက် မြန်မာပြည်သူများနှင့်အတူ ခိုင်မာစွာ ရပ်တည်ကြောင်း APHR က ထပ်လောင်းထုတ်ပြန်ထားသည်။
အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာဥပဒေ (International Humanitarian Law) ကို တိကျစွာ လိုက်နာရမည်ဖြစ်ကြောင်းလည်း EU က တိုက်တွန်းထားပြီး မြန်မာပြည်သူ လူထုနှင့်အတူ တစ်သားတည်း ဆက်လက်ရပ်တည်မည်ဖြစ်ကြောင်း ယနေ့ အောက်တိုဘာ ၁ ရက် တွင်ထုတ်ပြန်ခဲ့သည်။
ကုလသမဂ္ဂ လူ့အခွင့်အရေးရုံး၏ ထုတ်ပြန်ချက်အရ ၂၀၂၅ ခုနှစ်အတွင်း မြန်မာနိုင်ငံတစ်ဝန်း စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ် သား ၉၈၂ ဦး သေဆုံးခဲ့ပြီး ယခင်နှစ်က ၆၄၂ ဦး ရှိခဲ့ရာမှ ယခုနှစ်တွင် ပိုမိုများပြားလာခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ – AA Info desk