ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁ ရက်
ဧရာဝတီတိုင်း၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ရွေးတုအစိုးရတပ်လက်အောက်ခံများက စစ်မှုထမ်းဥပဒေကို အကြောင်းပြကာ ဒေသခံပြည်သူများထံမှ လစဉ်ငွေကြေးတောင်းမှုများ ပြုလုပ်နေကြောင်း သိရသည်။
ဒေးဒရဲမြို့နယ်အတွင်းရှိ အကယ်ချောင်းဝကျေးရွာ၊ သံဒိဇီးဖြူကုန်းကျေးရွာအုပ်စု၊ သုံးဒေါင့်ကျေးရွာအုပ်စုများကို ထိုသို့ ငွေကြေးကောက်ခံနေခြင်းဖြစ်ပြီး ဒေသခံများ အနေဖြင့် တစ်လလျှင် ငွေကျပ် ၃၀,၀၀၀ လစဉ် ပေးသွင်းနေရကြောင်း သိရသည်။
“သတ်မှတ်ထားတဲ့ ငွေကို မပေးနိုင်ရင် စစ်မှုထမ်းဖို့ လိုက်ဖမ်းမယ်ဆိုပြီး ခြိမ်းခြောက်တာတွေလုပ်တယ်။ ကုန်ဈေးနှုန်းကလည်းတက်၊ စီးပွားရေးကလည်း အဆင်မပြေတဲ့ကြားထဲ လစဉ် အခုလို တပ်ကြေးဆိုပြီး မတရား တောင်းနေတော့ စားဝတ်နေရေးအတွက် အတော်လေး အခက်အခဲ ဖြစ်နေကြရတယ်” ဟု ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်သို့ ပြောသည်။

အဆိုပါ ငွေကြေးတောင်းယူမှုကို အကယ်ချောင်းဝကျေးရွာရှိဦးမင်းစိန် ဆိုသူက တာဝန်ယူကာ အဓိက ဦးဆောင်ကောက်ခံပေးနေခြင်းဖြစ်ကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။
လက်ရှိတွင် ကုန်ဈေးနှုန်းကြီးမြင့်မှုနှင့်အတူ အဘက်ဘက်မှ စီးပွားရေး ကြပ်တည်းနေသည့် ကာလအတွင်း ယခုကဲ့သို့ လစဉ် ကြေးငွေများ မတရားတောင်းခံနေခြင်းကြောင့် ဒေသခံများမှာ စားဝတ်နေရေးနှင့် ရပ်တည်ရေးအတွက် အခက်အခဲ ကြုံတွေ့နေရကြောင်း ဒေသခံများကပြောဆိုသည်။
အလားတူ ဧရာဝတီတိုင်းရှိ ညောင်တုန်းမြို့နယ်တွင်လည်း ရွေးတုခန့် အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့များက စစ်မှုထမ်းကြေးအဖြစ် တစ်အိမ်ထောင်လျှင် ငွေကျပ် ၉၀၀၀၀ အထိ တောင်းယူမှုများ ရှိနေကြောင်း ဒေသခံများကပြောသည်။
ဧရာဝတီတိုင်းအတွင်း မြို့နယ် ၂၆ ခုရှိပြီး အကြောင်းအမျိုးမျိုးပြ၍ စစ်မှုထမ်းကြေးအဖြစ် ငွေကြေးများတောင်းယူနေပြီး အုပ်ချုပ်ရေးမှူးအများစုမှာ မိမိကိုယ်ကျိုးအတွက်အသုံးပြု၍ ကြွယ်ဝချမ်းသာလာကြကြောင်း ဒေသခံများက သုံးသပ်ပြောဆိုသည်။