ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၃၀ ရက်

 

ပဲခူးတိုင်း ၊တောင်ငူရိုင် ၊ ထန်းတပင်မြို့နယ် ၊ ဇရပ်ကြီးမြို့ ၊ ကင်မွန်းချုံကျေးရွာ မြို့ပေါ်ရပ်ကွက် သုံးခုကို ဟန်ပြအပ်ပြီး ကျေးရွာများ ပြန်အပ်သည့် ပုံစံဖြင့်ရွေးတုအစိုးရက ဝါဒဖြန့်နေကြောင်း ဒေသခံများထံက သိရသည်။

 

စက်တင်ဘာလ ၂၈ ရက်နေ့က ကမွန်းချုံကျေးရွာရှိ အုန်းတောဘုန်းတော်ကြီးကျောင်းတွင် ထန်းတပင်မြို့နယ် မြို့နယ်အုပ်ချုပ်ရေးနှင့်စီမံခန့်ခွဲရေး ဥက္ကဋ္ဌ ဦးသန်းထိုက်အောင် ဦးဆောင်ပြီး လုံခြုံရေး အစောင့်အရှောင့်များဖြင့် ဟန်ပြ ကျေးရွာအပ်ပွဲ အခမ်းအနား ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ထန်းတပင်မြို့နယ်အတွင်း ဘုန်းမတီး ၊ သရက်တန်း ၊ ရွာလေးကုန်း ၊ ညောင်ပင်သာ ၊ ကျောက်ကြီးပေါက် ၊ သပြေညွှန့် ၊ လမင်းသာ ၊ ကျောင်းကုန်း ၊ တလိုင်းအိုင် ၊ သဖန်းကျင်း စသည့် ကျေးရွာပေါင်း များစွာ ယနေ့တိုင် နေရပ်မပြန်နိုင်သေးဘဲ ဘေးလွတ်ရာများတွင် တိမ်းရှောင်နေကြဆဲဖြစ်သည်။

 

” ကမွန်းချုံ ၊ ရှမ်းရပ်ကွက် ၊ ရွှေကျင်စုရပ်ကွက် မြို့ပေါ်ရပ်ကွက် သုံးခုလောက် ကွက်ပြီး ဟန်ပြ ပြန်အပ်ပေးတာပါ ။ ကျွန်မတို့ရွာတွေကို မကြာခဏ လေယာဥ်နဲ့ ဗုံးလာကျဲလို့ ရွာကို ထားခဲ့ပြီး စစ်ဘေးရှောင် ဘဝ နဲ့ နေလာတာ ငါးနှစ်ဝန်းကျင်ကြာခဲ့ပါပြီ ရွာနားတောင် မကပ်ရဲသေးပါဘူး” လို့ စစ်ဘေးရှောင် အမျိုးသမီး တစ်ဦးက ဧရာဝတီတိုင်မ်းကို ပြောသည်။

ဇရပ်ကြီးမြို့ ၊ ကမွန်းချုံကျေးရွာ ရပ်ကွက်အချို့အား စစ်တပ်မှ ပြန်လည်ထိန်းချုပ်ထားပြီး ဗုံးရှင်းလင်းရေးအား တစ်နှစ်ကျော် ပြုလုပ်ပြီးနောက် ယခုလို ဒေသခံ စစ်ဘေးရှောင်များအား ပြန်လည် လက်ခံခြင်းဖြစ်ကြောင်းသိရသည်။

 

ထန်းတပင်မြို့နယ်အတွင်းရှိ ထန်းတပင်မြို့ ၊ ဇရပ်ကြီးမြို့ ၊ ကမွန်းချုံကျေးရွာ၊ ရွှေပုဂံကျေးရွာ စသည့် ကျေးရွာအချို့ အား စစ်ကော်မရှင်တပ်က ထိန်းချုပ်ထားနိုင်သော်လည်း ကျန်ကျေးရွာအများစုကို တော်လှန်ရေးတပ်များက ထိန်းချုပ်ထားကြာင်း သိရသည်။

 

တောင်ငူခရိုင် ၊ ထန်းတပင်မြို့နယ်အတွင်းရှိ ကျေးရွာများအား ၂၀၂၂ ခုနှစ်နောက်ပိုင်း စစ်တပ်က ဗုံးကြဲခြင်း ၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းများ နေ့စဥ် ပြုလုပ်ခဲ့သောကြောင့် ဒေသခံများက ကျေးရွာများကိုစွန့်၍ တိမ်းရှောင်ခဲ့ကြရာ ယခုအခါရွာပျက်များ အဖြစ်သာ ကျန်ရှိခဲ့ကြောင်း သိရသည်။