ဧရာ၀တီတိုင်းမ်
စက်တင်ဘာ ၃၀ ရက်
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်နှင့် ဟုမ္မလင်းမြို့နယ်အစပ်၊ ဆယ်ဇင်းဒေသ တောင်ယာကုန်းရှိ ရွေးတု အစိုးရစစ်တပ်နှင့် ရှမ်းနီအမျိုးသားများတပ်မတော် (SNA) တို့၏ တပ်စခန်း နှစ် ခုကို ကချင်လွတ်လပ် ရေးတပ်မတော် (KIA) နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း KIA သတင်းရင်းမြစ်များထံမှ သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၂၈ ရက်က ဖြစ်ပွားခဲ့သည့် အဆိုပါတိုက်ပွဲအတွင်း ရွေးတုအစိုးရစစ်တပ်နှင့် SNA ပူးပေါင်းတပ်ဖွဲ့ဝင် အများအပြား ထိခိုက်သေဆုံးခဲ့ပြီး ကျန်တပ်ဖွဲ့ဝင်များမှာ တပ်စခန်းများကို စွန့်ခွာ ထွက်ပြေးသွားခဲ့ကြသည်။ စခန်း နှစ် ခုကို သိမ်းပိုက်ရရှိချိန်တွင် လက်နက်ခဲယမ်း အများ အပြားကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
“စစ်တပ်နဲ့ ရှမ်းနီပူးပေါင်းတပ် စခန်း နှစ် ခုကို သိမ်းနိုင်ခဲ့ပြီး လက်နက်ခဲယမ်းတွေ တော်တော်လေး ရလိုက်တယ်လို့ သိထားပါတယ်” ဟု ကချင်သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
တိုက်ပွဲအတွင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်မှ တိုက်ပွဲအတွင်း ထိခိုက်မှု မရှိခဲ့သော်လည်း သိမ်းပိုက်ရရှိသည့် စခန်းအတွင်းနှင့် အနီးဝန်းကျင်ရှိ မိုင်းများကို ရှင်းလင်းစဉ် နင်းမိုင်းပေါက်ကွဲမှု ကြောင့် တော်လှန်ရေးတပ်ဖွဲ့ဝင် နှစ် ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ မိုင်းရှင်းလင်းစဉ် နင်းမိုင်းထိမှန် ခဲ့သည့် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးမှာ ခြေထောက်တစ်ဖက် ဖြတ်တောက်ခဲ့ရပြီး အခြားတစ်ဦးမှာ လက်နှင့် ရင်ဘတ်တို့တွင် မိုင်းစထိမှန် ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
အလားတူ စက်တင်ဘာ ၂၈ ရက်တွင်ပင် အင်းတော်ကြီးမြို့နယ်၊ ဟဲပါးဘက်သို့ စစ်ကြောင်းထိုးလာသည့် ရွေးတုအစိုးရစစ်တပ် စစ်ကြောင်းကို KIA ဘက်က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ KBC ဘုရားကျောင်း ဝင်းအတွင်း တပ်စွဲထားသည့် ပြည်သူ့စစ်များနှင့် စစ်တပ်ဘက်မှ ဗိုလ်ကြီးတစ်ဦး ကျဆုံးခဲ့ကာ ရုပ်အလောင်းအား ထမ်းဆွဲကာ ဆုတ်ခွာထွက်ပြေးသွားခဲ့ရကြောင်း သိရသည်။
ပုံစာ-KIA တပ်ဖွဲ့ဝင်များ (ပုံဟောင်း)