ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၃၀ ရက်
ရှမ်းပြည်နယ်၊ ခိုလမ်မြို့အခြေစိုက် အရှေ့လယ်ပိုင်းတိုင်းစစ်ဌာနချုပ် (ရလခ) ကို ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့သို့ ပြောင်းရွှေ့ကာ တိုင်းစစ်ဌာနချုပ်အဆင့်အဖြစ် တိုးချဲ့ဖွင့်လှစ်လိုက်ကြောင်း တပ်တွင်း သတင်းရင်းမြစ်များထံမှ သိရသည်။
လွိုင်ကော်မြို့တွင် ယခင်က ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) အဆင့်သာ ရှိခဲ့ရာမှ ယခုအခါ ရလခ တိုင်းစစ်ဌာနချုပ်အဖြစ် တိုးချဲ့ဖွင့်လှစ်လိုက်ခြင်း ဖြစ်သည်။ ၂၀၁၁ ခုနှစ်က ခိုလမ်မြို့တွင် စတင် စိုက်ထူခဲ့သည့် ရလခသည် ၁၅ နှစ်အကြာတွင် ကရင်နီပြည်နယ်သို့ စစ်တိုင်းတစ်ခုလုံး ပြောင်းရွှေ့ အခြေစိုက်လာခြင်းဖြစ်သည်။
“ရှမ်းကနေ ကယား (ကရင်နီ) ကို စစ်မျက်နှာပြင်ရွှေ့တာ ပွင့်ပွင့်လင်းလင်း မြင်ရပါတယ်။ ရှမ်းပြည်မှာ တိုက်ပွဲတွေ ငြိမ်သွားတာနဲ့ နယ်မြေနည်းသွားတဲ့အပြင် ကရင်နီဘက်မှာ တိုက်ပွဲတွေ ဆက်လက်ရှိ နေသေးလို့ပါ” ဟု ခိုလမ်တွင် တာဝန်ကျဖူးသည့် တပ်အရာရှိတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း ရလခတွင် တိုင်းမှူးနေရာ လစ်လပ်နေခဲ့ပြီး လက်ရှိ ရွေးတုအစိုးရ စစ်တပ်၏ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး လက်ထက်တွင် ယခုကဲ့သို့ စစ်တိုင်း ပြောင်းရွှေ့မှု ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ ယခုဖြစ်စဉ်သည် ရုတ်တရက် အပြောင်းအလဲမဟုတ်ဘဲ စစ်ခေါင်းဆောင် မင်းအောင်လှိုင် လက်ထက်ကတည်းက ကြိုတင်ချမှတ်ထားသည့် စစ်ရေးအစီအစဉ် တစ်ခုဖြစ်ကာ ရလခ တိုင်းမှူးနေရာကို ကာလရှည် ခန့်အပ်ခြင်းမပြုဘဲ ချန်ထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ခိုလမ်ရှိ ရလခ နေရာဟောင်းတွင်မူ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) အဖွဲ့မှ နယ်ခြားစောင့်တပ် အသွင်ဖြင့် လွှဲပြောင်းရယူထားကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ဆိုသည်။
ယခုကဲ့သို့ ရလခကို ကရင်နီသို့ ရွှေ့ပြောင်းလိုက်သည့်အတွက် ရှမ်းပြည်နယ်အတွင်း မူလက စစ်တိုင်း လေး ခု ရှိနေရာမှ လားရှိုးအခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ)၊ တောင်ကြီးအခြေစိုက် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် (ရပခ) နှင့် ကျိုင်းတုံအခြေစိုက် တြိဂံတိုင်းစစ်ဌာနချုပ် (တခလ) စသည့် စစ်တိုင်း သုံး ခုသာ ကျန်ရှိတော့မည် ဖြစ်သည်။
တစ်ဖက်တွင်လည်း တရုတ်၏ ကြားဝင်စေ့စပ်ပေးမှုကြောင့် ရှမ်းပြည်မြောက်ပိုင်းမှ ကိုးကန့်တပ် (MNDAA) နှင့် တအာင်းတပ် (TNLA) တို့သည် နေပြည်တော်၌ ဆွေးနွေးပွဲများ တက်ရောက်ခဲ့ကြသလို အခြားတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့်လည်း ဆွေးနွေးမှုများ ရှိနေသည့်အတွက် ရှမ်းပြည်နယ်အတွင်း စစ်မျက်နှာအချို့ ငြိမ်သက်လျက်ရှိသည်။
သို့သော် ကရင်နီပြည်နယ်တွင်မူ ကရင်နီတပ် (KNPP) အပါအဝင် တော်လှန်ရေးတပ်ဖွဲ့များနှင့် ရွေးတု အစိုး ရစစ်တပ်အကြား တိုက်ပွဲများ ဆက်လက်ပြင်းထန်နေပြီး ပြီးခဲ့သည့်ရက်ပိုင်းကပင် ဖရူဆိုမြို့နယ် ကို လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။ အဆိုပါ စစ်ရေးနယ်မြေ ခွဲဝေပြင်ဆင်မှု အသစ်များအရ ချင်းပြည်နယ်နှင့် မကွေးတိုင်းအစပ်တွင်လည်း နောက်ထပ် တိုင်းစစ်ဌာန ချုပ်တစ်ခု ထပ်မံတိုးချဲ့ဖွင့်လှစ်လာနိုင်ဖွယ်ရှိကြောင်း စစ်ရေးလေ့လာသူများက သုံးသပ်ထားသည်။