ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၃၀ ရက်
ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ဂုံညင်းတန်းလမ်းဆုံရှိ ရွေးတုအစိုးရစစ်တပ်၏ ဂိတ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ တပ်ဖွဲ့ဝင် ငါး ဦး သေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း-၃၈၀၂၊ တပ်ခွဲ-၅ က ယနေ့ စက်တင်ဘာ ၃၀ ရက်တွင် ထုတ်ပြန်သည်။
ရွေးတုအစိုးရစစ်တပ် လက်အောက်ခံ အင်အား ၂၀ ကျော် တပ်စွဲထားသည့် အဆိုပါဂိတ်စခန်းကို ပြီးခဲ့သည့် စက်တင်ဘာ ၂၇ ရက်တွင် တော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တပ်သား နှစ်ဦးနှင့် ပျူစောထီးအဖွဲ့ဝင် သုံး ဦး စုစုပေါင်း ငါး ဦး သေဆုံးခဲ့ခြင်း ဖြစ်သည်။

“ဂုံညင်းတန်းဂိတ်ကိုတော့ အပြီးသတ် တိုက်နိုင်ခဲ့ပါတယ်။ စခန်းတော့ မီးမရှို့ခဲ့ရပါဘူး။ မိုးတွေရွာတော့ စစ်ကူတွေ များလာတော့ တော်လှန်ရေးအဖွဲ့တွေ ဘေးကင်းစွာနဲ့ ဆုတ်နိုင်ခဲ့ပါတယ်။ ပစ္စည်းတွေတော့ အကုန်မကောက်နိုင်ခဲ့ပါဘူး” ဟု ဒေသတော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
တိုက်ပွဲအတွင်း စစ်တပ်တပ်ဖွဲ့ဝင်များထံမှ G-3 ကျည်ဘောက် တစ် ခု၊ 7.62 G-3 ကျည် ၄၅၀ တောင့်နှင့် အခြားစစ်သုံးဆောင်ပစ္စည်းအချို့ကို သိမ်းဆည်းရမိခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်များဘက်မှ ထိခိုက်ကျဆုံးမှုမရှိဘဲ စစ်ဆင်ရေးကို အောင်မြင်စွာ ဖော်ဆောင်နိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဂုံညင်းတန်းလမ်းဆုံဂိတ်သည် ခရီးသွားပြည်သူများနှင့် ကုန်တင်ယာဉ်များထံမှ ဆက်ကြေးတောင်းခံနေသည့် ဂိတ်တစ်ခုဖြစ်ပြီး ပဲခူးတိုင်းစစ်ဌာန၊ သာယာဝတီခရိုင် ဗျူဟာ (၂၂) ကွပ်ကဲမှုအောက်ရှိ တပ်ရင်း-၃၈၀၂၊ တပ်ခွဲ-၅ က ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
ဓာတ်ပုံ- လူမှုကွန်ရက်