ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၃၀၊ ရက်

 

ချင်းပြည်သူ့အစည်းအရုံး (CUP/CPA) ထိန်းချုပ်သည့် ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်အတွင်းသို့ ရွေးတုအစိုးရစစ်တပ် စစ်ကြောင်းများ ရောက်ရှိလာပြီဖြစ်ကြောင်း ဒေသခံများနှင့် ရှေ့တန်းစစ်ရေး သတင်းရင်းမြစ်များထံမှ သိရသည်။

 

အဆိုပါ စစ်ကြောင်းသည် မကွေးတိုင်း၊ လောင်းရှည်မြို့မှ အင်အား ၂၀၀ ခန့်ဖြင့် ထွက်လာခြင်းဖြစ်ပြီး စက်တင် ဘာ ၂၉ ရက်တွင် ကန်ပက်လက်မြို့နယ်ရှိ မဆာတွီကျေးရွာသို့ ရောက်ရှိလာခြင်း ဖြစ်သည်။

 

“ပြီးခဲ့တဲ့ စက်တင်ဘာ ၂၁ ရက်က လောင်းရှည်မြို့ကနေ ကန်ပက်လက်မြို့နယ်ဘက်ကို စစ်ကြောင်းထိုး လာတဲ့ စစ်တပ်ဟာ ၉ ရက်အကြာမှာ မဆာတွီရွာကို ရောက်တာပါ” ဟု စစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

ရွေးတုအစိုးရစစ်တပ်သည် မဆာတွီကျေးရွာအပါအဝင် စစ်ကြောင်းထိုးရာ လမ်းတစ်လျှောက်ကို လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သဖြင့် ဒေသခံများမှာ ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေကြရသည်။ ထို့ပြင် စစ်ကြောင်းထိုးရာ လမ်းတစ်လျှောက်ရှိ မကွေး-ချင်းအစပ် ကျေးရွာ များကိုလည်း စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

 

“မဆာတွီရွာထဲနဲ့ အနီးအနားဝန်းကျင်မှာ စစ်ကြောင်းတွေ နေရာယူထားကြတယ်။ ရွာသားတွေက အရင်ရက်တွေက တောက်လျှောက် လေကြောင်း ဗုံးကြဲကတည်းက ရွာထဲမနေရဲတော့ဘဲ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေကြရတယ်” ဟု ကန်ပက်လက် ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

 

လက်ရှိတွင် ကန်ပက်လက်မြို့နယ်အတွင်း ရွေးတုအစိုးရစစ်တပ် ရောက်ရှိနေပြီး စစ်ရေးတင်းမာလျက် ရှိသော်လည်း တိုက်ပွဲဖြစ်ပွားခြင်း မရှိသေးကြောင်း သိရသည်။

 

ပုံစာ-စစ်တပ်က မီးရှို့နေသည့် ကျေးရွာ တစ်ရွာကို အဝေးမှတွေ့ရစဉ်။