နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၃၀ ရက်

မလေးရှားနိုင်ငံတွင် ဖမ်းဆီးထိန်းသိမ်းခံထားရသူများအနက် နေရပ်ပြန်ပို့သည့် မြန်မာနိုင်ငံသား ၁,၅၀၀ နီးပါးကို စစ်မှုထမ်းအတွက် တပ်သားသစ် စုဆောင်းသွားရန် ရွေးတုအစိုးရစစ်တပ်မှ ပြင်ဆင်နေ ကြောင်း CDM အရာရှိနှင့် စစ်ဘက်အရင်းမြစ်များထံမှ သိရသည်။

တရားမဝင် နေထိုင်မှုနှင့် အခြားသော လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ စည်းကမ်းချက်များ ချိုးဖောက်သည် ဟုဆိုကာ ပြစ်ဒဏ်များကျခံပြီး ထိန်းသိမ်းရေးစခန်းများ၌ ရောက်ရှိနေသည့် မြန်မာနိုင်ငံသား စိစစ်ပြီးသူ ၁,၄၇၆ ဦးကို ပထမဆုံးအကြိမ် ပြန်လည်ပို့ဆောင်ခဲ့ခြင်း ဖြစ်သည်။

“သူတို့ လူသစ် ၁၅၀၀ လောက် ရပြီလို့တော့ ပြောနေကြတယ်။ ဒီနေ့ရောက်ရင် သူတို့တွေကို ချက်ချင်း စစ်ကြောရေးကို ပို့ပြီးတော့ စစ်မှုထမ်း အမှတ်စဉ် (၂၉) အတွက် တစ်ခါတည်း လုပ်သွားလိမ့်မယ် ထင်တယ်” ဟု CDM ဗိုလ်ကြီး ဇင်ယော်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

ရွေးတုအစိုးရကမူ ထိန်းသိမ်းခံထားရပြီး မြန်မာနိုင်ငံသို့ ပြန်ရန် အခက်အခဲကြုံတွေ့နေရ၍ ၎င်းတို့၏ စစ်ရေယာဉ်များဖြင့် မလေးရှားနိုင်ငံသို့ သွားရောက်ကာ ယမန်နေ့ စက်တင်ဘာ ၂၉ ရက် ညပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည်ခေါ်ဆောင်လာကြောင်း ထုတ်ပြန်ထားသည်။

သို့သော် မည်ကဲ့သို့ ဆောင်ရွက်သွားမည်ဆိုသည့်အချက်ကို ဖော်ပြထားခြင်း မရှိသော်လည်း ရောက်ရှိ လာပါက စစ်ဆေးမှုများပြုလုပ်ကာ အသက်အရွယ်အပေါ် မူတည်၍ စစ်မှုထမ်းအတွက် တပ်သားသစ် စုဆောင်းသွားရန် ညွှန်ကြားစီစဉ်နေကြောင်း စစ်ဘက်အရင်းမြစ်များထံမှ သိရသည်။

အဆိုပါ မြန်မာနိုင်ငံသားများသည် အကြောင်းအမျိုးမျိုးကြောင့် မလေးရှားနိုင်ငံသို့ ရောက်ရှိရာမှ ဖမ်းဆီးခံရပြီး လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်း ၁၄ ခု၌ ပို့ဆောင်ခံထားရချိန် ပုဂ္ဂိုလ်အမည် စာရင်းများ ပေးပို့၍ ရွေးတုအစိုးရက တောင်းဆိုခေါ်ယူခဲ့ခြင်းဖြစ်သည်။

နှစ်ဖက်ညှိနှိုင်းမှုဖြင့် ပြန်လည်ခေါ်ဆောင်လာသည့် မြန်မာနိုင်ငံသား ၁,၄၇၆ ဦးတွင် အမျိုးသား ၁,၃၇၀ ဦး၊ အမျိုးသမီး ၇၉ ဦးနှင့် အရွယ်မရောက်သေးသူ ကလေးသူငယ် ၂၇ ဦး ပါဝင်ပြီး နေရပ်ပြန်ပို့မည့် မြန်မာနိုင်ငံသား ၅,၀၀၀ ဦးအနက် ပထမအသုတ် ဖြစ်သည်။

ယင်းသို့ ပြန်ပို့ခံရသော မြန်မာနိုင်ငံသားများသည် ပြည်တွင်းအခြေအနေများကြောင့် အသက် အန္တရာယ်နှင့် လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုများကို ကြီးမားစွာ ရင်ဆိုင်ကြုံတွေ့ရနိုင်ကြောင်း ကုလ သမဂ္ဂဆိုင်ရာ အဖွဲ့အစည်းများနှင့် လူ့အခွင့်အရေးအဖွဲ့များက စိုးရိမ်ပူပန်ကြောင်း ထုတ်ဖော်ပြောဆို ထားကြသည်။

ဓာတ်ပုံ – မလေးရှားအစိုးရ