ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၃၀ရက်
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ရှိ အိန္ဒိယဈေးနှင့် ကစ္ဆပနဒီတံတား ဝန်းကျင်တို့အား စစ်တပ်က ပေါင် ၅၀၀ ဗုံးနှစ်လုံးဖြင့် လေကြောင်းမှ ကြဲချတိုက်ခိုက်ခဲ့သဖြင့် အပြစ်မဲ့ အရပ်သားပြည်သူ ၅၀ ဦးထက်မနည်း သေဆုံးကာ ဒဏ်ရာရရှိသူ ၆၀ ဦးခန့် ရှိလာကြောင်း သိရသည်။
သေဆုံးသူများအနက် မီးလောင်ကျွမ်း၍ မည်သူမည်ဝါဖြစ်ကြောင်း ခွဲခြားရခက်ခဲနေသည့် ပိုင်ရှင်မပေါ်သေးသော ရုပ်အလောင်း ၂၂ လောင်းအား ULA/AA တပ်ဖွဲ့ဝင်များနှင့် ဝန်ထမ်းများက ကူညီ၍ မြေမြှုပ်သင်္ဂြိုဟ်ပေးခဲ့ရေကြာင်း သိရသည်။
”အလောင်းကရုပ်ဖော်မရအောင်ပျက်စီးပြီး ဘယ်သူပါလို့ အတည်မပြုနိုင်တော့တဲ့ အလောင်းတွေ မြေမြှုပ်သင်္ဂြိုဟ်တယ်လို့ သိရပါတယ်။ စစ်တပ်ကတော့ အရေးယူပေးမယ့်သူလည်းမရှိ၊ လုပ်ချင်တိုင်း လုပ်လို့ရနေတော့ ရက်ရက်စက်စက်လုပ်မှာပဲ။ ထပ်လုပ်နေဦးမှာပဲ” ဟု ရခိုင်သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၂၈ ရက်နေ့တွင် စစ်တပ်က အိန္ဒိယဈေးနှင့် ကစ္ဆပနဒီတံတားအနီးကို ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဈေးရောင်းဈေးဝယ်သူများ၊ ကုန်တင်ကုန်ချ အလုပ်သမားများ၊ ဘေးတွဲဆိုင်ကယ်သမားများနှင့် လမ်းသွားလမ်းလာ အရပ်သားများ အစုလိုက်အပြုံလိုက် သေဆုံးခဲ့ရသည်။
စက်တင်ဘာ ၂၉ ရက်နေ့ နံနက်ပိုင်းအထိ ရရှိသော သတင်းများအရ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ အရေအတွက်မှာ စုစုပေါင်း ၅၀ ဦးအထိ ရှိလာခဲ့ပြီး ပြင်းထန်ဒဏ်ရာရရှိသူ ၂၁ ဦးခန့် ကျန်ရှိနေသေးကြောင်း သိရသည်။
ဆေးကုသမှုခံယူနေစဉ်အတွင်း ပုဏ္ဏားကျွန်းမြို့နယ်၊ အောင်မြေကုန်းကျေးရွာမှ အသက် (၄၀) နှစ်အရွယ် ဦးအောင်မင်းထွန်းမှာလည်း စက်တင်ဘာ ၂၉ ရက် နံနက် ၁၁ နာရီ ၂၀ မိနစ်တွင် ထပ်မံသေဆုံးသွားခဲ့သည်။

ဗုံးကြဲချမှုအတွင်း ကျောက်တော်မြို့၊ ပိုက်သည်ရွာမှ အသက် (၃၂) နှစ်အရွယ် ကိုယ်ဝန် ၉ လလွယ်ထားရသည့် ဒေါ်ခင်မာနွယ်ဆိုသူမှာ ဗုံးကြဲခံရမှုကြောင့် မီးလောင်ကျွမ်းနေစဉ် ကလေးမီးဖွားခဲ့ရပြီး မွေးဖွားလာသည့် ကလေးငယ်ပါ မီးလောင်ကျွမ်းသေဆုံးခဲ့ရသည့် ဖြစ်စဉ်လည်း ဖြစ်ပွားခဲ့သည်။
ထို့ပြင် ရုပ်အလောင်းများ မမှတ်မိနိုင်အောင် မီးလောင်ကျွမ်းသွားသဖြင့် မည်သူမည်ဝါဖြစ်ကြောင်း စိစစ်ဖော်ထုတ်ရန် ခက်ခဲခဲ့သည့် အလောင်းများ ပါဝင်နေပြီး ရုပ်အလောင်းပင် မရတော့ဘဲ ပျောက်ဆုံးနေသူများလည်း ရှိနေသည်။
စစ်ရေးနှင့် သက်ဆိုင်ခြင်းမရှိသော ကကလေးသူငယ်များ၊ အမျိုးသမီးများနှင့် လက်နက်မဲ့ အရပ်သားများ ရှိနေသည့် လူစည်ကားရာ ဈေးကဲ့သို့နေရာအား ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သဖြင့် အခြေခံလူ့အခွင့်အရေးနှင့် နိုင်ငံ တကာ စစ်ပွဲဆိုင်ရာ ဂျနီဗာကွန်ဗင်းရှင်း ဥပဒေများကို ပေါ်ပေါ်ထင်ထင် ချိုးဖောက်လိုက်ခြင်းဖြစ်ကြောင်း နိုင်ငံရေးလေ့လာသူများက ဆိုသည်။
ဓာတ်ပုံ- One Nation News