ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၃၀ ရက်
ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ အထူးတိုင်းစစ်ဌာန၏ ဆက်သွယ်ရေးစခန်းအား ပြီးခဲ့သည့် စက်တင်ဘာ၂၄ ရက်နေ့၊ နံနက်ပိုင်းတွင်ဗုံးကြဲတိုက်ခိုက်ခံခဲ့ရခြင်းမှာ တပ်ပြေးရဲဘော်များထံမှ သတင်းပေါက်ကြားခြင်းဖြစ်ကြောင်း အထူးတိုင်းစစ်ဌာနထံက သိရသည်။
လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း CDM တပ်ကြပ်ကြီးနေဝင်းအောင်အပါအဝင် တိုင်းစစ်ဌာန လုံခြုံရေးတပ်ဖွဲ့ဝင် ရဲဘော် နှစ် ဦး၊ ဆက်သွယ်ရေး ရဲဘော် နှစ်ဦး စုစုပေါင်း ငါး ဦး ကျဆုံးခဲ့ပြီး အခြားရဲဘော် သုံး ဦးမှာလည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

“မိမိတို့ထံမှ တပ်ပြေး၊နှုတ်ထွက် ရဲဘော်များအား ရန်သူမှ ပြန်လည်ဖမ်းဆီးရမိကာ ၎င်းတို့၏စစ်ဆေးထွက်ဆိုချက်များ၊ မိမိတို့ထံမှ ရန်သူ့ဘက်သို့ဘက်ပြောင်း ခိုလှုံသွားသူများ၏ သတင်းပေးထွက်ဆိုချက်များကြောင့် ဖြစ်ကြောင်း” ဟု အထူးတိုင်းစစ်ဌာနက ထုတ်ပြန်ထားသည်။
ဖြစ်စဉ်မှာ နေပြည်တော် လေတပ်စခန်းဌာနချုပ်မှ တက်လာသည့် စစ်တပ်၏ MIG-29 အမျိုးအစား တိုက်လေယာဉ် နှစ်စီးဖြင့် ဗုံးသီး လေ လုံးး ကြဲချတိုက်ခိုက်ခဲ့ရာ နှစ်လုံး ထိမှန်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ စစ်တပ်ဘက်မှ တော်လှန်ရေးတပ်ဖွဲ့များအကြားနှင့် မဟာမိတ်တပ်ဖွဲ့များအကြား ယုံကြည်မှုကင်းမဲ့ကာ သွေးကွဲစေရန် ရည်ရွယ်၍ ဝါဒဖြန့်ချီလျက်ရှိသည့်အတွက် ဖြစ်စဉ်အမှန်ကိုသိရှိနိုင်ရန် အသိပေးထုတ်ပြန်ခြင်းဖြစ်ကြောင်း အထူးတိုင်းစစ်ဌာနက ထုတ်ပြန်ပြောဆိုခဲ့သည်။
ဓာတ်ပုံ – အထူးတိုင်းစစ်ဌာန