ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၃၀ ရက်
ကုန်းတွင်းမုန်တိုင်းငယ်သည် အားကောင်းသောလေဖိအားနည်းရပ်ဝန်းအဖြစ်သို့ အားလျော့သွားပြီး မတူပီမြို့၏ အရှေ့-အရှေ့တောင်ဘက်တွင် ဆက်လက်ရှိနေကာ လာမည့် ၂၄ နာရီအတွင်း အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ဘက်သို့ ဆက်လက်ဖြတ်ကျော်ကာ လေဖိအားနည်းရပ်ဝန်းအဖြစ်သို့ ဆက်လက် အားလျော့သွားမည်ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန(မိုး/ဇလ)က ယနေ့ စက်တင်ဘာ ၃၀ ရက်တွင်ထုတ်ပြန်သည်။
အဆိုပါ အားကောင်းသောလေဖိအားနည်းရပ်ဝန်းသည် မြောက်-အနောက်မြောက်ဘက်သို့ ဆက်လက် ရွေ့လျားနိုင်ပြီး နောက် ၂၄ နာရီအတွင်း ချင်းပြည်နယ်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့တောင်ပိုင်းနှင့် အိန္ဒိယ နိုင်ငံ မီဇိုရမ်ပြည်နယ်တို့ကို ဆက်လက်ဖြတ်ကျော်မည်ဖြစ်သည်။
ယင်းအရှိန်ကြောင့် စက်တင်ဘာ ၃၀ ရက်မှ အောက်တိုဘာ ၁ ရက်အတွင်း နေပြည်တော်၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးကြီးနိုင်ကြောင်း သိရသည်။

ထို့ပြင် ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ကရင်နီ (ကယား) ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင်လည်း နေရာကျဲကျဲ မိုးထစ်ချုန်းရွာပြီး မိုးကြီးနိုင်ပါသည်။
မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်း များကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ကာ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင် လေသည် တစ်နာရီလျှင် ၂၅ မိုင်မှ မိုင် ၃၀ အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့်မှာ ၈ ပေမှ ၁၀ ပေခန့် ရှိနိုင်ကြောင်း ခန့်မှန်းထားသည်။
ထို့ကြောင့် ပြည်တွင်းလေကြောင်းပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ် ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များနှင့် သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုကြရန် အသိပေးနှိုးဆော်ထားသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၂၅ ရက်မှစတင်ကာ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ဖြစ်ပေါ်ခဲ့သော လေဖိအားနည်းဆဲလ်များသည် မြန်မာနိုင်ငံ တောင်ပိုင်းကမ်းရိုးတန်းဒေသများသို့ ရောက်ရှိလာပြီး နောက် မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိခဲ့ခြင်းဖြစ်ကာ ယခုအခါ ကုန်းတွင်းမုန်တိုင်းငယ်မှတစ်ဆင့် အားကောင်းသောလေဖိအားနည်းရပ်ဝန်းနှင့် လေဖိအားနည်းရပ်ဝန်းအဖြစ်သို့ အဆင့်ဆင့် အားလျော့သွားခြင်း ဖြစ်သည်။
မြန်မာနိုင်ငံအတွင်းသို့ ဖြတ်ကျော်ဝင်ရောက်ချိန်ကစတင်ကာ နိုင်ငံတစ်ဝန်း မိုးကြီးခဲ့ပြီး တနင်္သာရီ တိုင်းအတွင်း တောင်ပြိုမြေပြိုခြင်းနှင့်အတူ ရေကြီးရေလျှံမှုများ ကြုံတွေ့ခဲ့ရကာ လူသေဆုံးသည်အထိ ဖြစ်ပေါ်ခဲ့ရသည်။
ဓာတ်ပုံ – မိုး/ဇလ