ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၃၀ ရက်
တနင်္သာရီတိုင်း၊ ထားဝယ်ဒေသအတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဖြစ်ပွားခဲ့သည့် တောင်ပြိုမှုနှင့် ရေကြီးရေလျှံမှုများကြောင့် လူပေါင်း ၃၂ ဦးအထိ သေဆုံးခဲ့ပြီး ပျောက်ဆုံးနေသူ ဒါဇင်နှင့်ချီ ရှိနေသေး ကြောင်း ထားဝယ်အမျိုးသားအဖွဲ့ချုပ် (TNF) ယမန်နေ့ စက်တင်ဘာ ၂၉ ရက်တွင် ထုတ်ပြန်သည်။
လက်ရှိတွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်နေဆဲဖြစ်သည့်အတွက် သေဆုံးမှုစာရင်းမှာ ဆက်လက်တိုးပွားလာနိုင်ပြီး ရေဘေးသင့်မှုကြောင့် ထားဝယ်ဒေသတစ်ခုလုံးတွင် နေအိမ်နှင့် အဆောက်အအုံပေါင်း ၂၆၀ ကျော် ပျက်စီးခဲ့ရသည်။
မိုးရွာသွန်းမှုမှာ စက်တင်ဘာ ၂၈ ရက် ညနေပိုင်းမှစတင်ကာ ရပ်တန့်သွားပြီဖြစ်သဖြင့် ဒေသအများ စုတွင် ရေပြန်လည်ကျဆင်းသွားပြီဖြစ်သော်လည်း မြေသားများမှာ ရေစိုထိုင်းဆ မြင့်မားနေဆဲ ဖြစ်သောကြောင့် ထပ်မံမြေပြိုကျနိုင်သည့် အန္တရာယ်ရှိနေသေးကြောင်း TNF က သတိပေးထားသည်။

“ရေကကျနေပြီဆိုပေမဲ့ အဓိကကတော့ တောင်ပြိုပြီး ဖိနေတဲ့ ရုပ်အလောင်းတွေ ရှိမယ်၊ တချို့လည်း ပိတ်မိနေတဲ့ ရွာသားတွေ ရှိမယ်။ ခုလောလောဆယ်ကတော့ ကယ်ဆယ်ရေးအဖွဲ့တွေက ညနေ ကစပြီး ရောက်နေပြီပေါ့နော်” ဟု ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထို့ပြင် ရေကြီးရေလျှံမှုများနှင့် တောင်ပြိုမှုများကြောင့် မြေသားများရွေ့လျားခြင်းနှင့် ရေစီးကြောင်း ပြောင်းလဲခြင်းများ ဖြစ်ပေါ်ခဲ့ရာ မြေမြှုပ်မိုင်းများနှင့် မပေါက်ကွဲသေးသည့် စစ်လက်နက်ပစ္စည်းများ (UXO) မှာ ရေစီးနှင့်အတူ ပါလာနိုင်သဖြင့် အချိန်မရွေး ပေါက်ကွဲမှုများ ကြုံတွေ့ရနိုင်ကြောင်း သိရသည်။
ထို့ကြောင့် ရေကျပြီးနောက် မရင်းနှီးသည့် သံထည်ပစ္စည်းများနှင့် သံသယဖြစ်ဖွယ် ပစ္စည်းများကို မည်သည့်အကြောင်းနှင့်မျှ ထိတွေ့ကိုင်တွယ်ခြင်း၊ နေရာရွှေ့ပြောင်းခြင်းများ မပြုလုပ်ကြရန်နှင့် တွေ့ရှိပါက သက်ဆိုင်ရာအဖွဲ့အစည်းများ၏ အကူအညီဖြင့်သာ ရှင်းလင်းဆောင်ရွက်ကြရန် TNF က အထူးသတိပေးထားသည်။
ထားဝယ်အမျိုးသားအဖွဲ့ချုပ်အနေဖြင့် ရေဘေးဒဏ်သင့် ပြည်သူများနှင့်အတူ ဆက်လက်ရပ်တည် သွားမည်ဖြစ်ပြီး အခြားလူမှုကယ်ဆယ်ရေးအဖွဲ့များနှင့်လည်း ပူးပေါင်းကာ လိုအပ်သည့် ကူညီ ထောက်ပံ့မှုများကို ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးပြောဆိုထားသည်။
ဓာတ်ပုံ- TNF