ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၃၀ ရက်
ရွေးတုအစိုးရစစ်တပ်၏ ခရိုင်စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့များသည် လာမည့် စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၂၉) အတွက် တပ်သားသစ် စုဆောင်းရာတွင် ရပ်ကွက်တစ်ခုလျှင် လူ ရှစ် ဦးအထိ တိုးမြှင့်ရှာဖွေပေးရန် မြို့နယ်နှင့် ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့များကို ညွှန်ကြားလာကြောင်း သိရသည်။
ယခင်က ရပ်ကွက်တစ်ခုလျှင် စစ်မှုထမ်းရန် လူ နှစ် ဦးနှုန်းသာ တောင်းခံခဲ့သော်လည်း ယခုအမှတ်စဉ် မှစ၍ လေး ဆခန့် တိုးမြှင့်ကာ ရှစ် ဦးအထိ ရှာဖွေပေးရန် ဖိအားပေးလာခြင်း ဖြစ်သည်။ ထို့အပြင် ထပ်မံဖွင့်လှစ်မည့် သင်တန်းအမှတ်စဉ် သုံးခုစာအတွက်ပါ ရပ်ကွက်အလိုက် စစ်မှုထမ်း နိုင်သည့် လူငယ်စာရင်းများကို ကြိုတင်ပြုစုခိုင်းထားကြောင်း အုပ်ချုပ်ရေးအဖွဲ့များနှင့် နီးစပ်သူများထံမှ သိရသည်။

ရွေးတုအစိုးရစစ်တပ်သည် စစ်မှုထမ်းဥပဒေဖြင့် တပ်သားသစ် စုဆောင်းရုံမျှမက ပြည်ပသို့ ထွက်ခွာ အလုပ်လုပ်ကိုင်မည့် လူငယ်များကိုပါ ပစ်မှတ်ထား လှုပ်ရှားလာကာ ပြည်ပထွက်ခွာရန် လျှောက်ထား သူများအနေဖြင့် ပုံမှန်လိုအပ်သည့် စာရွက်စာတမ်းများအပြင် စစ်မှုထမ်းရန် ဆင့်ခေါ်လာပါက မပျက်မကွက် လက်ခံပါမည်ဟူသည့် ခံဝန်ချက်ကိုပါ ပူးတွဲလက်မှတ်ထိုးခိုင်းနေကြောင်း သိရသည်။
တစ်ဖက်တွင်လည်း လာမည့် စစ်မှုထမ်းသင်တန်း အမှတ်စဉ်သစ် ဖွင့်လှစ်မည့်ရက် နီးကပ်လာသည်နှင့် အမျှ ပြီးခဲ့သည့် စက်တင်ဘာ ၂၁ ရက်နေ့မှစ၍ မြို့ကြီးအချို့၏ လမ်းမကြီးများတွင် လူငယ်များကို မသင်္ကာမှုဖြင့် တားဆီးစစ်ဆေးပြီး ဖမ်းဆီးခေါ်ဆောင်သည့် ဖြစ်စဉ်များ ပြန်လည်များပြားလာကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။
ပုံစာ-စစ်မှုထမ်းသင်တန်း အမှတ်စဉ်-၂၈ အတွက်တပ်သားသစ်အဖြစ် အဓမ္မစုဆောင်းခြင်း ခံရသူများ။