ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၉ရက်
စစ်တွေမြို့နယ်အတွင်းမှ ပုဏ္ဏားကျွန်းမြို့နယ်ဘက်သို့ ထိုးစစ်ဆင်ခဲ့သည့် ရွေးတုအစိုးရစစ်တပ်၏ စစ်ဆင်ရေးမှာ အရာမထင်ဘဲ တပ်လန်ကာ အထိနာခဲ့ရပြီးနောက် ရခိုင်ပြည်နယ်အတွင်း အရပ်သား ပြည်သူများကို ပစ်မှတ်ထားကာ လေကြောင်းမှ အကြမ်းဖက်တိုက်ခိုက်မှုများကို နေ့စဉ်နှင့်အမျှ ဆက်တိုက်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
စစ်တပ်သည် ဝါဘိုနှင့် စပါးထားကျေးရွာများဘက်သို့ အောင်မြေချဲ့စစ်ဆင်ရေးဖြင့် ထိုးစစ်ဆင် ခဲ့သော်လည်း အဆိုပါနေရာများကို အာရက္ခတပ်တော် (AA) ဘက်က ပြန်လည်ခြေကုပ်ယူနိုင်ခဲ့ပြီး စစ်တွေဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) ကံကော်ကျွန်းအထိပါ ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက် လာခဲ့ခြင်းဖြစ်သည်။
“ပုဏ္ဏားကျွန်း၊ ရသေ့တောင် ချီစစ်ကနေ AA ရဲ့ တန်ပြန်ထိုးစစ်ကို ကာကွယ်နေရတဲ့ အနေအထားကို ရောက်နေတယ်။ ရွေးတုအစိုးရစစ်တပ်က တပ်လန်နေတယ်” ဟု သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထို့အပြင် စစ်တွေမြို့နယ်အတွင်းရှိ ခလရ-၂၃၂ နှင့် ခမရ-၃၅၄ တပ်ရင်းများကိုလည်း MA Type 1 အမျိုးအစား လက်နက်များဖြင့် ပြောင်းလဲတပ်ဆင်ထားသည်ကို တွေ့ရသည်။
ရသေ့တောင်လမ်းဆုံနေရာနှင့် ကွမ်းတောင်ပဒေသာ နယ်မြေများတွင် တပ်မ(၁၀၁) ၏ တပ်အစိတ်အပိုင်းအချို့ ရောက်ရှိနေသည်ကို တွေ့ရသော်လည်း ပင်မတပ်ကြီးနှင့် ဆက်သွယ်ရေး လမ်းကြောင်းမှာ ပြတ်တောက်နေဆဲဖြစ်ကြောင်း CDM ဗိုလ်ကြီးဇင်ယော်ထံမှ သိရသည်။
အာရက္ခတပ်တော် (AA) ၏ အပိုင်းပိုင်း ပိတ်ဆို့ဖြတ်တောက်လေ့ရှိသည့် စစ်နည်းဗျူဟာကို တပ်မ(၁၀၁) အနေ ဖြင့် စတင် ရင်ဆိုင်ရတော့မည်ဖြစ်ပြီး AA သည် စစ်တပ်၏ တပ်မ ပေါင်းများစွာနှင့် ရင်ဆိုင်ခဲ့ဖူးကာ စစ်ရေးအတွေ့အကြုံ ပြည့်စုံနေပြီးဖြစ်ကြောင်း စစ်ရေးသုံးသပ်သူများက ဆိုသည်။
ရွေးတုအစိုးရစစ်တပ်၏ တိုက်ခိုက်ရေးတပ်မများသည် ချီတိုက်၊ ခံခွာပုံစံအတိုင်း စစ်ဆင်လေ့ ရှိကြသော်လည်း တပ်မတစ်ခုနှင့်တစ်ခု အလေ့အထ ကွဲပြားမှုများရှိရာ အဆိုပါ မတူကွဲပြားသည့် စရိုက်လက္ခဏာများကို AA ဘက်က ကောင်းမွန်စွာ လေ့လာသိရှိထားသည့်အတွက် ယခုကဲ့သို့ စစ်ကြောင်းများ တပ်လန်နေရခြင်း ဖြစ်သည်။
ရွေးတုအစိုးရစစ်တပ်သည် စစ်တွေ-ပုဏ္ဏားကျွန်းမြို့အစပ် လေး နေရာမှ ထိုးစစ်ဆင်ခဲ့သော်လည်း တပ်လန်ကာ အထိအခိုက်အကျအဆုံးများစွာဖြင့် စစ်မျက်နှာသစ်တွင် ထပ်မံစစ်ရှုံးခဲ့ရပြီးနောက် အရပ်သားပြည်သူများကို ပစ်မှတ်ထားကာ လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်မှုများကို ဆက်တိုက် ပြုလုပ်လာခြင်းဖြစ်ကြောင်း AA က ထုတ်ပြန်ထားသည်။
ပုံစာ-AA နှင့် ရင်ဆိုင်နေရသည် ရွေးတုအစိုးရ စစ်တပ် တပ်ဖွဲ့ဝင်များ။