ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၉ ရက်

 

ရွေးတုအစိုးရ စစ်တပ်ပိုင် ဘီယာ၊ အဖျော်ယမကာနှင့် အချိုရည် တံဆိပ်များဖြစ်ကြသည့် မြန်မာဘီယာနှင့် ဒဂုံဘီယာတို့ကို ပေးအပ်ထားသော အရည်အသွေးဆုများကို ဘယ်လ်ဂျီယံအခြေစိုက် Monde Selection ကုမ္ပဏီက ပြန်လည်ရုပ်သိမ်းလိုက်ကြောင်း Justice For Myanmar (JFM) ထံမှ သိရသည်။

 

လူသုံးကုန်ပစ္စည်းများ၏ အရည်အသွေးကို စိစစ်အကဲဖြတ်ပေးသည့် Monde Selection ကုမ္ပဏီက အာဏာလု စစ်အုပ်စုပိုင် မြန်မာဘီယာနှင့် ဒဂုံဘီယာတို့ကို ပေးအပ်ထားသည့် ဆုများကို ပြန်လည်ရုပ်သိမ်းကာ ၎င်းတို့၏ ဝက်ဘ်ဆိုက်မှ ဖယ်ရှားလိုက်ပြီဖြစ်ရာ ဤလုပ်ရပ်အပေါ် Info Birmanie နှင့် Justice For Myanmar (JFM) တို့က ကြိုဆိုကြောင်း စက်တင်ဘာ ၂၈ ရက်က ထုတ်ပြန်ကြေညာခဲ့သည်။

 

ပါရီမြို့ရှိ ပြင်သစ်နိုင်ငံ၏ ဥရောပနှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ရုံးချုပ် Quai d’ Orsay တွင် ကျင်းပပြုလုပ်ခဲ့သည့် Monde Selection ၏ ၂၀၂၆ ဆုပေးပွဲအခမ်းအနားတွင် ဒဂုံအဖျော်ယမကာ ကုမ္ပဏီလီမိတက်က ဆုအများအပြား ရရှိခဲ့ခြင်းဖြစ်သော်လည်း ယခုအခါ ပြန်လည်ရုပ်သိမ်း ခံလိုက် ရခြင်း ဖြစ်သည်။

“ဒီဖြစ်ရပ်က ငြိမ်းချမ်းတဲ့ကာလမှာရော စစ်ပွဲကာလမှာပါ လက်တွေ့ကမ္ဘာ့စီးပွားရေး အသိုက် အမြုံကြီးဟာ ဘယ်လောက်အထိ အပြန်အလှန် ချိတ်ဆက်နေတယ်ဆိုတာကို ကုမ္ပဏီတိုင်းအတွက် သတိပေးချက်တစ်ရပ် ဖြစ်သင့်ပါတယ်။ မြန်မာနိုင်ငံနဲ့ အခြားနိုင်ငံတွေမှာ လူ့အခွင့်အရေး ချိုးဖောက်မှု တွေကို ပံ့ပိုးကူညီမိခြင်း မရှိစေရန်အတွက် ကောင်းမွန်သင့်လျော်တဲ့ ကြိုတင်စိစစ်ရေး လုပ်ငန်းစဉ် တစ်ရပ်က အခုအချိန်မှာ မရှိမဖြစ် လိုအပ်ချက်တစ်ခု ဖြစ်လာပါပြီ” ဟု Info Birmanie ၏ ညှိနှိုင်းရေးမှူး ဖြစ်သူ Johanna Chardonnieras က ပြောကြားသည်။

 

Myanmar Brewery အောက်တွင် Myanmar Beer၊ Black Shield နှင့် Andaman Gold တံဆိပ်များကို ထုတ်လုပ်လျက်ရှိပြီး Monde Selection ထံမှ ဆုများကို ၂၀၂၃ ခုနှစ်အထိ ရရှိထားခဲ့သည်။ ထို့အပြင် ရွေးတုအစိုးရ စစ်တပ်ပိုင် Dagon Beverages နှင့် Myanmar Brewery တို့သည် Dagon Lager Beer၊ Dagon Extra Strong၊ Dagon Royal Rum၊ Dagon Malta Fresh နှင့် Dagon Fresh Lemon Sparkling စသည့် ထုတ်ကုန်များကိုလည်း ထုတ်လုပ်လျက်ရှိသည်။

 

မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် (MEHL) အပါအဝင် စစ်အုပ်စု၏ စီးပွားရေးလုပ်ငန်းများကို အီးယူ၊ ယူကေ၊ အမေရိကန်၊ ကနေဒါနှင့် ဩစတြေးလျနိုင်ငံတို့က ဒဏ်ခတ်ပိတ်ဆို့ အရေးယူထားကြသည်။

 

“ဒဂုံဘီယာနဲ့ မြန်မာဘီယာတွေက မြန်မာပြည်သူတွေကို နှိပ်စက်သတ်ဖြတ်နေတဲ့ အကြမ်းဖက်လူသတ် စစ်အုပ်စုအတွက် ဘဏ္ဍာငွေ ပံ့ပိုးပေးနေပါတယ်။ မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုတွေကို ငွေကြေး ပံ့ပိုးပေးနေတဲ့ စီးပွားရေးလုပ်ငန်းစုကြီးတွေရဲ့ ကိုယ်စားလှယ်တွေဟာ အီးယူအတွင်း ငွေပေးချေမှုတွေ ပြုလုပ်နိုင်ခဲ့ပြီး သူတို့ရဲ့ မသမာတဲ့စီးပွားရေးလုပ်ငန်းတွေကို ဈေးကွက်မြှင့်တင်နိုင်ခဲ့တာဟာ အလွန် စိုးရိမ်ဖွယ်ရာ ဖြစ်ပါတယ်” ဟု JFM ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ဆိုသည်။

 

မြန်မာနိုင်ငံပေါ် ချမှတ်ထားသော ဒဏ်ခတ်ပိတ်ဆို့မှုများကို အီးယူနှင့် အဖွဲ့ဝင်နိုင်ငံများအနေဖြင့် တင်းကျပ်ထိရောက်စွာ အကောင်အထည်ဖော်ရန်နှင့် စစ်အုပ်စု၏ ဘဏ္ဍာငွေ၊ စစ်လက်နက်နှင့် လေယာဉ်ဆီ ရင်းမြစ်အားလုံး အကျုံးဝင်ပါဝင်လာနိုင်စေရန်အတွက် ပိတ်ဆို့မှုများကို ပိုမိုတိုးချဲ့ချမှတ်ရန် Info Birmanie နှင့် Justice For Myanmar က တောင်းဆိုထားသည်။

 

ဓာတ်ပုံ – AFP, JFM