ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၉၊ ၂၀၂၆
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်နှင့် ပတ်ဝန်းကျင်ဒေသများတွင် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဘန်ကောက်၊ နွန်ထဘူရီ၊ ပထုံဌာနီနှင့် စမွတ်ပရာကန် ခရိုင် ၄ ခုတွင် ၂ ရက်ကြာ သတ်မှတ်ခဲ့သည့် အထူးရုံးပိတ်ရက်များ ယနေ့ စက်တင်ဘာ ၂၉ ရက်တွင် ကုန်ဆုံးပြီဖြစ်ကာ ရေကျဆင်းသည့်နေရာများတွင် လုပ်ငန်းများ ပုံမှန်ပြန်လည်စတင်နေပြီဖြစ်သည်။
ယခုကဲ့သို့ အထူးရုံးပိတ်ရက် သတ်မှတ်ခဲ့ခြင်းမှာ ရေဘေးသင့်ဒေသများရှိ ပြည်သူများကို အထောက်အပံ့ဖြစ်စေရန် ရည်ရွယ်ခြင်းဖြစ်ပြီး အစိုးရဌာနဆိုင်ရာများအနေဖြင့် မရှိမဖြစ်လိုအပ်သည့် ဝန်ဆောင်မှုများကို ဆက်လက်ဆောင်ရွက်ရန် ညွှန်ကြားထားသည်။

လက်ရှိတွင် ဘန်ကောက်မြို့နယ်အတွင်း မိုးရွာသွန်းမှု လျော့နည်းလာပြီဖြစ်သဖြင့် တာဝန်ရှိသူများအနေဖြင့် ရေများကို ထိုင်းပင်လယ်ကွေ့အတွင်းသို့ စီးဆင်းစေရန် ဆောင်ရွက်လျက်ရှိသည်။
ဘန်ကောက်မြို့တော်အုပ်ချုပ်ရေးမှူးကလည်း မြို့တော်၏ အဓိကလမ်းမကြီးများ၏ ၉၀ ရာခိုင်နှုန်းသည် မကြာမီရက်ပိုင်းအတွင်း ခြောက်သွေ့သွားရန် မျှော်လင့်ကြောင်း ပြောဆိုထားပြီး မြေနိမ့်ပိုင်းရပ်ကွက်များတွင်မူ ရေကျရန် တစ်ပတ်ခန့် ကြာမြင့်နိုင်မည်ဟု ခန့်မှန်းထားသည်။
လက်ရှိတွင် မိုးရွာသွန်းမှု ရပ်စဲလာသည့်အတွက် ဆဲန်ဆပ်တူးမြောင်းတစ်လျှောက်မှ ဝပ်ထက်ပ်လီလာအထိ ရေများ စတင်ကျဆင်းလာပြီဖြစ်ကာ ရေစုပ်စက်များဖြင့်လည်း အဆက်မပြတ် စုပ်ထုတ်လျက်ရှိသည်။ ထို့အပြင် ဘန်ကောက်မြို့၏ သွားလာရခက်ခဲသည့် လမ်းကြိုလမ်းကြားနေရာများအထိ စားနပ်ရိက္ခာများ၊ ကလေးနို့မှုန့်များနှင့် လိုအပ်သည့် ကယ်ဆယ်ရေးပစ္စည်းများကို လှေများနှင့် ဂျက်စကီးများ အသုံးပြုကာ ပုဂ္ဂလိကအဖွဲ့အစည်းများ၏ ပံ့ပိုးမှုဖြင့် ပို့ဆောင်ပေးလျက်ရှိသည်။

ဘန်ကောက်မြို့တော်အုပ်ချုပ်ရေးအဖွဲ့ ကျန်းမာရေးဌာနကလည်း ရေကြီးမှုနှင့် ဆက်စပ်ဖြစ်ပွားတတ်သည့် ယားနာကဲ့သို့သော ရောဂါများအတွက် ဆေးဝါးများနှင့် ခြင်ဆေးများကို ဖြန့်ဝေပေးလျက်ရှိပြီး မြို့တော်အုပ်ချုပ်ရေးမှူးက အကူအညီများကို ရေဘေးသင့်ပြည်သူများထံ တိုက်ရိုက်ရောက်ရှိစေရန် တိုက်တွန်းညွှန်ကြားထားသည်။
ထိုင်းနိုင်ငံတစ်ဝန်း ရေကြီးရေလျှံမှုအနေဖြင့် ဘန်ကောက်အပါအဝင် ခရိုင် ၂၉ ခုတွင် ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ကာ လူဦးရေ ၂.၆ သန်းအထိ ရေဘေးသင့်ခဲ့ပြီး လူ ၂၃ ဦး သေဆုံးခဲ့ကြောင်း၊ သက်ဆိုင်ရာမြစ်ရေများ မြင့်တက်လာမည့်အန္တရာယ်မှာ ဆက်လက်ရှိနေဆဲဖြစ်ကြောင်း သဘာဝဘေးအန္တရာယ် ကာကွယ်ရေးနှင့် လျော့ပါးရေးဌာန (DDPM) က သတိပေးထားသည်။
ကိုးကား – The Nation Thailand