ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၉ ရက်
မြောက်ကိုရီးယားဟာ ရုရှားသို့ တပ်ဖွဲ့ဝင် ၁၀,၀၀၀ ထပ်မံ စေလွှတ်ဖို့ ပြင်ဆင်မှုတွေ ပြုလုပ်နေ တယ်လို့ ယူကရိန်းသမ္မတ ဇီလန်စကီးက စက်တင်ဘာ ၂၈ ရက်မှာ ပြောပါတယ်။
လက်ရှိမှာ ရုရှားနိုင်ငံအတွင်း မြောက်ကိုရီးယားတပ်ဖွဲ့ဝင် ၈,၀၀၀ ကျော် ရောက်ရှိနေပြီလို့ သူက ဆိုပါတယ်။
မြောက်ကိုရီးယားစစ်သားတွေကို ရုရှားသို့ မစေလွှတ်ခင် လေ့ကျင့်ရေး သင်တန်းတွေပေးဖို့ စိစစ် ရွေးချယ်နေတယ်လို့ ဇီလန်စကီးက ၎င်းရဲ့ X စာမျက်နှာမှာ ရေးသားပါတယ်။
ယူကရိန်းကို ကူညီနိုင်မဲ့ လေကြောင်းရန် ကာကွယ်ရေးစနစ်တွေ ပံ့ပိုးပေးဖို့ တောင်ကိုရီးယားနိုင် ငံထံ ၎င်းက တောင်းဆိုပါတယ်။
တောင်ကိုရီးယားအစိုးရဟာ ယူကရိန်းသို့ ဒေါ်လာ သန်း ၁၀၀ တန်ကြေးရှိ ကူညီထောက်ပံ့မှုတွေ ပေးအပ်ခဲ့ပေမဲ့ တိုက်ခိုက်ရေးလက်နက်တွေ ပါဝင်ခြင်း မရှိပါဘူး။
ယူကရိန်းက ဖမ်းဆီးရမိထားတဲ့ မြောက်ကိုရီးယားစစ်သား ၂ ဦးကို တောင်ကိုရီးယားသို့ လွှဲပြောင်း ပေးခဲ့တဲ့ကိစ္စနဲ့ ပတ်သက်လို့ ဆိုးလ်နဲ့ ကိယက်ဗ်တို့ကြား စကားအချေအတင် ဖြစ်ပွားခဲ့ပါတယ်။
မြောက်ကိုရီးယားစစ်သားနှစ်ဉီး လွှဲပြောင်းမှုကို လျှို့ဝှက်ထားဖို့ သဘောတူညီချက်ကို ယူကရိန်း က ထုတ်ဖော်ပြောဆိုခဲ့တာကြောင့် တောင်ကိုရီးယားက မကျေမနပ် ဖြစ်ခဲ့ရပါတယ်။
မြောက်ကိုရီးယားဟာ ၂၀၂၄ ခုနှစ်နောက်ပိုင်း ရုရှားကို ကူညီဖို့ တပ်ဖွဲ့ဝင် ၁၄,၀၀၀ မှ ၁၅,၀၀၀ အထိ စေလွှတ်ခဲ့တယ်လို့ ယူကရိန်းနဲ့ တောင်ကိုရီးယားတို့က ခန့်မှန်းထားပါတယ်။
မြောက်ကိုရီးယားတပ်ဖွဲ့ဝင် အများစုကို ယူကရိန်းတပ်တွေ ဝင်ရောက်စီးနင်းထားတဲ့ ကာ့စ်ခ်ဒေ သမှာ တပ်ဖြန့်ထားတာပါ။
မြောက်ကိုရီးယားဟာ ရုရှားသို့ မြောက်မြားစွာသော လက်နက်ကြီးကျည်တွေနဲ့ ဒုံးကျည်တွေကိုပါ ထောက်ပံ့ပေးနေတယ်လို့ သိရပါတယ်။
အနောက်အုပ်စုနဲ့ ယူကရိန်းတို့ရဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ ရုရှားနဲ့ မြောက်ကိုရီးယားတို့က တရားဝင် သတင်းထုတ်ပြန်ခြင်း မရှိပါဘူး။
ယူကရိန်းစစ်ပွဲမှာ မြောက်ကိုရီးယား ပါဝင်ပတ်သက်မှု အားကောင်းလာတာကြောင့် အရှေ့ဥရော ပ စစ်ရေးအခြေအနေဟာ ပိုမို တင်းမာလာပါတယ်။
News: Reuters/The Straits Times
Ref; Ukraine’s Zelensky says North Korea prepares to deploy another 10,000 troops to Russia