ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၉ရက်
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့၊ စျေးအနီး အပါအဝင် ဒေသတွင်း အရပ်သားပြည်သူများကို ပစ်မှတ် ထားကာ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်နေသည့် ရွေးတုအစိုးရစစ်တပ်၏ လုပ်ရပ်များအပေါ် ပြင်းထန်စွာ ရှုတ်ချကြောင်းနှင့် ကျူးလွန်သူများကို မနှေးမကြာ လက်တုံ့ပြန်သွားမည်ဖြစ်ကြောင်း ရက္ခိုင် အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) က ယမန်နေ့ စက်တင်ဘာ ၂၈ ရက်နေ့ ညပိုင်းက သတင်းထုတ်ပြန်သည်။
ULA/AA ၏ ထုတ်ပြန်ချက်အရ ယမန်နေ့ စက်တင်ဘာ ၂၈ ရက်၊ မွန်းလွဲ ၁၂ နာရီ ၁၀ မိနစ်နှင့် ၁၂ နာရီ ၁၄ မိနစ်အချိန်တို့တွင် ကျောက်တော်မြို့၊ အိန္ဒိယဈေးအနီးဝန်းကျင်နှင့် ကစ္ဆပနဒီတံတားအနီးဝန်းကျင် တို့အား စစ်တပ်၏ ဂျက်တိုက်လေယာဉ်တစ်စီးမှ ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ် ခဲ့သည်။

အဆိုပါ တိုက်ခိုက်မှုကြောင့် လမ်းသွားလမ်းလာများ၊ ဈေးရောင်းဈေးဝယ်များနှင့် ကုန်တင်ကုန်ချ လုပ်သားများအပါအဝင် အပြစ်မဲ့ အရပ်သား ၄၉ ဦး အစုလိုက်အပြုံလိုက် သေဆုံးခဲ့ရပြီး ပြင်းထန်စွာ ဒဏ်ရာရရှိသူ ၆၀ ဦးအပါအဝင် ၂၂ဦးမှာ ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြထားသည်။
ထို့အပြင် အဉ္ဇနပူရ (မင်းပြားမြို့နယ်)၊ စွန်ရဲကျေးရွာနှင့် သံတွဲမြို့နယ်၊ ငပလီကမ်းခြေတို့ကိုလည်း စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် အပြစ်မဲ့ အရပ်သားပြည်သူ ကိုး ဦး ဒဏ်ရာ ရရှိခဲ့သည်ဟု ဆိုသည်။
ရွေးတုအစိုးရစစ်တပ်သည် စစ်တွေ-ပုဏ္ဏားကျွန်းမြို့အစပ် လေး နေရာမှ ထိုးစစ်ဆင်ခဲ့သော်လည်း စစ်မျက်နှာသစ်တွင် တပ်လန်ကာ အထိအခိုက်အကျအဆုံးများစွာဖြင့် ထပ်မံစစ်ရှုံးခဲ့ရပြီးနောက် အရပ်သားများကို ပစ်မှတ်ထားကာ လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်လာ ခြင်းဖြစ်ကြောင်း AA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်တပ်သည် ပြီးခဲ့သည့် စက်တင်ဘာ ၁၇ ရက်မှ ၂၇ ရက်အတွင်း မြောက်ဦး၊ ပုဏ္ဏားကျွန်း၊ ဝီရဌာနေ (ပေါက်တော) မြို့ အပါအဝင် အာရက္ခဒေသအတွင်းရှိ မြို့နယ် ၉ ခုမှ အပြစ်မဲ့ အရပ်သားပြည်သူ များနေထိုင်ရာ ကျေးရွာ၊ မြို့ပေါ်ရပ်ကွက်များကို လေကြောင်းမှ တမင်တကာ ပစ်ခတ်တိုက်ခိုက်ခဲ့သည်။
ထိုသို့ ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် အပြစ်မဲ့ပြည်သူ ခြောက် ဦး သေဆုံးပြီး ၁၆ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကာ အရပ်သားပြည်သူနေအိမ် ၅၅ လုံးထက်မနည်း ထိခိုက်ပျက်စီးခဲ့သည်။ ထို့ပြင် မြောက်ဦးတွင်လည်း အပြစ်မဲ့ အရပ်သားပြည်သူ ၃၃ ဦး အစုလိုက်အပြုံလိုက် သေဆုံးခဲ့ရပြီး ၇၇ ဦး ဒဏ်ရာရရှိခဲ့သည်။
အလားတူ ပြီးခဲ့သည့် လများအတွင်းကလည်း ပုဏ္ဏားကျွန်းမြို့နယ်၊ ချောင်းတူ (ခ) ဆောင်းဒုံကျေးရွာရှိ စစ်ဘေးဒုက္ခသည်စခန်း (ဇန်နဝါရီ ၂၀ ရက်)၊ ယိုငူကျေးရွာ စစ်ဘေးရှောင်စခန်းနှင့် စျေးအတွင်း (ဖေဖော်ဝါရီ ၂၄ ရက်)၊ အမ်းမြို့နယ်၊ ဒါးလက်ချောင်းဒေသရှိ စစ်ဘေးဒုက္ခသည်စခန်း (မတ်လ ၈ ရက်)၊ ဂွမြို့နယ်၊ ကျိန္တလီမြို့ပေါ် ရပ်ကွက်များ (ဩဂုတ် ၁၃ ရက်) နှင့် ပလတ်ဝ၊ စိမ်းညှင်းကျေးရွာ (ဩဂုတ် ၂၄ ရက်) တို့တွင် စစ်တပ်က လေကြောင်းမှ တမင်တကာ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ကလေးသူငယ်များနှင့် အမျိုးသမီးများအပါအဝင် အရပ်သားအများအပြား သေဆုံး၊ ဒဏ်ရာရရှိခဲ့ကြောင်း ULA/AA က ဆိုထားသည်။
ထို့ကြောင့် ကြီးမားသည့် စစ်ရာဇဝတ်မှုမြောက်သည့် အရပ်သားများကို အစုလိုက်အပြုံလိုက် သေဆုံးစေခဲ့သော လေကြောင်းတိုက်ခိုက်မှုများတွင် အမိန့်ပေးသူ၊ အမိန့်လိုက်နာပြီး ပစ်ခတ်တိုက်ခိုက် သူများနှင့် ပါဝင်ပတ်သက်သူများအားလုံးကို ULA/AA အနေဖြင့် အထူးမှတ်တမ်းတင်ထားရှိပြီး ထိုက်တန်သော တုံ့ပြန်မှုများကို မနှေးမကြာ ပြုလုပ်သွားမည်ဟု အသိပေးထုတ်ပြန်ထားသည်။
ဓာတ်ပုံ- AA Info Desk
ပုံစာ- ကျောက်တော်မြို့ ဗုံးကြဲခံထားရစဉ်