ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၉ ရက်
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်အတွင်း မဟာမိတ်တပ်ဖွဲ့များဖြစ်ကြသည့် ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP/SSA) နှင့် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) တို့ အကြား စကားများအငြင်းပွားရာမှ သေနတ်ဖြင့် ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ TNLA တပ်ဖွဲ့ဝင် နှစ်ဦး သေဆုံးသွားကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။
ကျောက်မဲမြို့နယ်၊ တော့ဆန်ကျေးရွာအုပ်စုရှိ မင်းကုန်းကျေးရွာတွင် ပြီးခဲ့သည့် စက်တင်ဘာ ၂၆ ရက် ည ၈ နာရီဝန်းကျင်က TNLA တပ်ဖွဲ့ဝင် နှစ်ဦး သေဆုံးမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ဒေသခံများနှင့် တွေ့ဆုံပွဲပြုလုပ်ရန် ရောက်ရှိနေသည့် SSPP တပ်ဖွဲ့၏ တပ်စခန်းချရာနေရာများကို နယ်ခံ TNLA တပ်ဖွဲ့ဝင် နှစ် ဦးက သွားရောက်ဓာတ်ပုံရိုက်ကူးရာမှစ၍ နှစ်ဖက်အငြင်းပွားမှု စတင်ခဲ့ခြင်း ဖြစ်သည်။ SSPP ဘက်မှ ဓာတ်ပုံမရိုက်ရန် တားမြစ်နှင်ထုတ်ခဲ့သော်လည်း ထပ်မံလာရောက် ရိုက်ကူးသဖြင့် SSPP ဘက်က သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်ထံမှ သိရသည်။
“SSPP တွေ လူထုတွေ့ဆုံပွဲလုပ်ဖို့ ရောက်လာတာကို TNLA ရဲဘော် နှစ် ဦးက SSPP တပ်စခန်း ချတဲ့နေရာတွေကို မှတ်တမ်းပုံ လာရိုက်တာ။ SSPP က မရိုက်ဖို့တားတယ်။ ဒါပေမဲ့ နောက်တစ်ခါ ပြန်လာရိုက်တော့ သေနတ်နဲ့ ပစ်လိုက်တာ။ TNLA ဘက်က နှစ် ယောက် ပွဲချင်းပြီး သေသွားတယ်” ဟု သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
လက်ရှိတွင် သေဆုံးသွားသည့် TNLA ရဲဘော်များ၏ ရုပ်အလောင်းများကို မိခင်တပ်ဖွဲ့က ပြန်လည် သယ်ဆောင်သွားပြီဖြစ်သော်လည်း ဖြစ်စဉ်အပြီး နှစ်ဖက်စလုံးမှ အင်အားများ အပြိုင်အဆိုင် ဖြည့်တင်း နေကြသဖြင့် ကျောက်မဲဒေသအတွင်း စစ်ရေးတင်းမာမှုများ မြင့်တက်လာနေကြောင်း သိရသည်။
ကျောက်မဲမြို့နယ်တွင် ယမန်နှစ် ၂၀၂၅ ခုနှစ် ဇွန်လ ၁၅ ရက်ကလည်း ဟူးဆွန်တောင်တွင် ထိတွေ့မှု ဖြစ်ပွားခဲ့ဖူးရာ ထိုစဉ် ကလည်း TNLA ဘက်မှ နှစ် ဦး သေဆုံးပြီး သုံး ဦး ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်များ ရှိခဲ့သည်။
ပုံစာ-သေဆုံးသွားသည့် TNLA တပ်ဖွဲ့ဝင် ၂ ဦး။