ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၉ ရက်
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့ရှိ ရွေးတုအစိုးရစစ်တပ်၏ အရေးပါသော ရွှေမင်းတင် စေတီကုန်း တပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်များက မနေ့က (စက်တင်ဘာ ၂၈ ရက်) မွန်းတည့်ချိန်ခန့်တွင် အပြီးတိုင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရရှိခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။
မိုးမိတ်မြို့ရှိ အဆိုပါ ရွှေမင်းတင် စေတီကုန်းစခန်းသည် စစ်ရေးအရ အလွန်ဗျူဟာကျသည့် စခန်း တစ်ခုဖြစ်ပြီး မနေ့က နံနက်ပိုင်းမှစ၍ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီးနောက် မွန်းတည့်ချိန်တွင် စခန်းတစ်ခုလုံးကို KIA ပူးပေါင်းတပ်က လုံးဝထိန်းချုပ်နိုင်ခဲ့ခြင်း ဖြစ်သည်။
“မိုးမိတ်က အရေးကြီးတဲ့ ဗျူဟာကျတဲ့ စခန်းကုန်းပေါ့။ အဲဒီမှာ တပ်စွဲထားတဲ့ စစ်တပ်ကို မွန်းတည့် ချိန်မှာ ကျွန်တော်တို့ အပြီးသိမ်းလိုက်နိုင်တာပါ။ စခန်းကနေ လက်နက်ခဲယမ်းတွေလည်း အများအပြား ရရှိထားပါတယ်” ဟု စစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
မိုးမိတ်နယ်မြေ တိုက်ပွဲများအပြင် ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ နမ့်မွန်းဒေသရှိ ရွေးတုအစိုးရ စစ်တပ်နှင့် ရှမ်းနီအမျိုးသားများတပ်မတော် (SNA) ပူးပေါင်းတပ်စွဲထားသည့် စခန်း တစ် ခုကိုလည်း မနေ့က စက်တင်ဘာ ၂၈ ရက်တွင်ပင် KIA ပူးပေါင်းတပ်က ထပ်မံတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး SNA ဘက်မှ ထိခိုက်သေဆုံးမှု အများအပြား ရှိခဲ့ကြောင်း သိရသည်။
အလားတူ ဗန်းမော်မြို့နယ်အတွင်း၌လည်း စက်တင်ဘာ ၂၅ ရက်က ဖြစ်ပွားခဲ့သည့် တိုက်ပွဲများတွင် ရန်သူ့လက်နက်ခဲယမ်းအချို့နှင့် စစ်သုံ့ပန်းတချို့ ရရှိထားကြောင်း KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အတည်ပြုထားသည်။
KIA ပူးပေါင်းတပ်များသည် ဩဂုတ်နှင့် စက်တင်ဘာလများအတွင်း ဗန်းမော်နှင့် ရွှေကူမြို့နယ်များတွင် ထိုးစစ်ဆင်ခဲ့ပြီး ယခု စက်တင်ဘာလကုန်ပိုင်းတွင် မိုးညှင်းနှင့် မိုးမိတ် စစ်မျက်နှာများသို့ ထိုးစစ် အရှိန်အဟုန်ကို မြှင့်တင်လာခြင်း ဖြစ်သည်။
ပုံစာ-KIA ပူးပေါင်း တပ်ဖွဲ့ဝင်များ (ပုံဟောင်း)