ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၉ ရက်

 

မုန်တိုင်းငယ်သည် အားကောင်းသောမုန်တိုင်းငယ်အဖြစ် ကျိုက်ထိုမြို့အနီးမှ ဖြတ်ကျော်ပြီးနောက် မြောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားကာ ယခုအခါ ကုန်းတွင်းမုန်တိုင်းငယ်အဖြစ် ဖြူးမြို့၏ တောင်ဘက်အနီးမှ ဆက်လက်ဖြတ်ကျော်နေကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန(မိုး/ဇလ) က ထုတ်ပြန်ထားသည်။

 

လက်ရှိတွင် အညိုရောင်အဆင့် သတ်မှတ်ထားပြီး ဖြူးမြို့၏ တောင်ဘက်အနီးမှ ဖြတ်ကျော်နေသဖြင့် သက် ဆိုင်ရာဒေသများတွင် အထူးသတိပြုရန် လိုအပ်လျက်ရှိသည်။ အဆိုပါ ကုန်းတွင်းမုန်တိုင်း ငယ်သည် လာမည့် ၃၆ နာရီအတွင်း ပဲခူးတိုင်း၊ နေပြည်တော်၊ မန္တလေးတိုင်း၊ မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်းအောက်ပိုင်းတို့ကို ဆက်လက်ဖြတ်ကျော်မည်ဖြစ်ကြောင်း သိရသည်။

“ရန်ကုန် မုန်တိုင်းဝင်မယ်ဆိုလို့ မနေ့က လူတွေ ယောက်ယက်ခတ်သွားတယ်။ မနေ့က လေနည်းနည်း ပါပြီးတော့ မိုးရွာတယ်။ ဒီမနက်က မိုးအုံ့နေတယ်” ဟု ရန်ကုန်မြို့ခံ အမျိုးသမီးတစ်ဦးက ဧရာ၀တီတိုင်းမ် ကို ပြောသည်။

 

ယနေ့ စက်တင်ဘာ ၂၉ ရက် မှ အောက်တိုဘာ ၁ ရက်အတွင်း နေပြည်တော်၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ကရင်နီ ပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် မိုးထစ် ချုန်းရွာပြီး နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုး/ဇလက ထုတ်ပြန်ထားသည်။

မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးနိုင်ကာ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင် ၃၀ အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့် ၉ ပေမှ ၁၁ ပေခန့်အထိ ရှိလာမည်ဖြစ်သည်။

 

အဆိုပါ ကုန်းတွင်းမုန်တိုင်းငယ်၏ အရှိန်ကြောင့် မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက် ရေကြီးခြင်းနှင့် မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်သဖြင့် သက်ဆိုင်ရာ ဒေသများရှိ ပြည်သူ များအနေဖြင့် အထူးကြိုတင်သတိပြုကြရန် တိုက်တွန်းနှိုးဆော်ထားသည်။

ဓာတ်ပုံ – မိုး/ဇလ