ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၉ ရက်
ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်အတွင်း စစ်မှုထမ်းဥပဒေကို အကြောင်းပြကာ လူငယ်များအား ဖမ်းဆီးရိုက်နှက် ငွေညှစ်သည့် ဖြစ်စဉ်များ နောက်ကွယ်တွင် သန်လျင်မြို့မရဲစခန်းနှင့် သာကေတ မြို့မရဲစခန်းတို့မှ တာဝန်ရှိသူအချို့ ကိုယ်တိုင် ပါဝင်ပတ်သက်နေကြောင်း နစ်နာသူ အမျိုးသမီးတစ်ဦးက အတည်ပြု ပြောဆိုသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၂၇ ရက်နေ့က သန်လျင်ဂေါက်ကွင်းအနောက်ဘက်တွင် ရိုက်နှက်စွန့်ပစ်ခံခဲ့ရပြီး ငွေကျပ် သိန်း ၈၀ ဖြင့် ပြန်လည်ရွေးထုတ်ခဲ့ရသည့် အဆိုပါ အမျိုးသမီး၏ ပြောကြားချက်အရ ၎င်းတို့အား ဖမ်းဆီးငွေညှစ်သည့် ဖြစ်စဉ်တွင် ရဲတပ်ဖွဲ့ဝင်များ ကိုယ်တိုင် ပါဝင်ပတ်သက်နေခြင်း ဖြစ်ကြောင်း သိရသည်။

“ကလေးက ပျောက်နေတာ။ နောက်ဖမ်းဆီးပေါ်တာဆွဲခံရတာသိတော့ လိုက်ကြတာ။ သိန်း ၈၀ တောင်းတယ် ပေးပြီးတော့မှ ကလေးကို သန်လျင်ဂေါက်ကွင်းအနောက်မှာ ထုရိုက်ပြီး စွန့်ပစ်ထားခဲ့တာ။ ဒီအမှုမှာ သန်လျင်ရဲစခန်းရော သာကေတရဲစခန်းက တာဝန်ရှိသူအချို့ပါ ပတ်သက်နေတာ ရာနှုန်းပြည့် သေချာတယ်” ဟု ကိုယ်တိုင် ကြုံတွေ့ခဲ့ရသည့် စစ်တပ်ထောက်ခံသူ အမျိုးသမီးက ဆိုသည်။
ထို့အပြင် သန်လျင်မြို့နယ်အတွင်းရှိ ရပ်ကွက်အချို့တွင်လည်း လူငယ်အချို့ကို ဖမ်းဆီး၍ မိသားစုများ ထံမှ တစ်ဦးလျှင် ငွေကျပ် ၁၅ သိန်းအထိ အဓမ္မတောင်းခံကာ ပြန်လွှတ်ပေးနေသည့် ဖြစ်စဉ်များရှိနေပြီး အုပ်ချုပ်ရေးနှင့် ရဲတပ်ဖွဲ့ဝင်အချို့ ပူးပေါင်းကာ စနစ်တကျ အကွက်ဆင် ငွေညှစ်နေခြင်းဖြစ်ကြောင်း ဒေသခံများက သုံးသပ်ပြောကြားသည်။
“စစ်မှုထမ်းပါသွားမှာ ကြောက်တဲ့ မိသားစုတွေရဲ့ ပူပန်မှုကို အခွင့်ကောင်းယူပြီး ရဲနဲ့ တာဝန်ရှိသူ ဆိုသူတွေက ပေါ်တင် ငွေတောင်းနေတာ။ ၁၅ သိန်း ပေးနိုင်ရင် ပြန်လွှတ်တယ်၊ ငွေမပေးနိုင်ရင် အဆက်အသွယ် ပျောက်သွားတဲ့အထိ ခြိမ်းခြောက်နေတာ” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် သန်လျင်ဒေသခံတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
ရွေးတုအစိုးရစစ်တပ်၏ စစ်မှုထမ်းဥပဒေ ထုတ်ပြန်ပြီးနောက်ပိုင်း ရန်ကုန်အပါအဝင် မြို့ကြီးအချို့တွင် လုံခြုံ ရေးတပ်ဖွဲ့ဝင်များနှင့် စစ်တပ်လက်အောက်ခံ အုပ်ချုပ်ရေးအဖွဲ့များက ယခုကဲ့သို့ စစ်မှုထမ်းရန် အကြောင်းပြ၍ လမ်းသွားလမ်းလာ လူငယ်များအား ဖမ်းဆီးကာ မိသားစုထံမှ ငွေကြေး အဓမ္မတောင်း ခံသည့် ဖြစ်စဉ်များ ခပ်စိပ်စိပ် ဖြစ်ပွားလျက်ရှိပြီး ဒေသခံများအကြား စိုးရိမ်ထိတ်လန့် မှုများ ပိုမိုမြင့်တက်လျက်ရှိသည်။
ဓာတ်ပုံ-လူမှုကွန်ရက်
ပုံစာ-သန်လျင်ရဲစခန်းနှင့်၊ သာကေတရဲစခန်း