ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၉ ရက်
ကချင်ပြည်နယ်၊ ဗန်းမော်မြို့နှင့် အင်းတော်ကြီးဒေသတို့တွင် စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် ပူးပေါင်းတပ်တို့ တိုက်ပွဲများ ဆက်လက်ပြင်းထန်လျက်ရှိပြီး စစ်တပ်စခန်းတစ်ခုကို KIA မှ သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။
ဗန်းမော်မြို့နယ်၊ နမ့်ဖားကျေးရွာတွင် တပ်စွဲထားသော စစ်တပ်စခန်းတစ်ခုကို စက်တင်ဘာ ၂၆ ရက် ညနေပိုင်းတွင် KIA နှင့် ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။
”ဗန်းမော်က တပ်စခန်းတစ်ခု သိမ်းမိတာ မှန်ပါတယ်။ KIAဘက်ကလည်း တရားဝင် အတည်ပြုထားပါတယ်” ဟု သတင်းရင်းမြစ်ကဧရာဝတီတိုင်းမ်ကိုပြောသည်။
ထို့အပြင် စက်တင်ဘာ ၂၇ ရက်နေ့တွင်လည်း ဗန်းမော်မြို့၌ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်မှ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
လက်ရှိတွင် စစ်တပ်သည် ဗန်းမော်မြို့အတွင်း စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်လျက်ရှိပြီး လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်မှုများ လုပ်ဆောင်နေကြောင်း ဒေသတွင်း သတင်းများအရ သိရသည်။
KIA နှင့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များသည် စစ်တပ်၏ အထိုင်စခန်းတစ်ခုကို အပြီးသတ် ရှင်းလင်းသိမ်းပိုက်နိုင်ခဲ့ကြောင်းနှင့် အဆိုပါ တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ AML-90 အမျိုးအစား သံချပ်ကာ ကင်းလှည့်၊ တိုက်ခိုက်ရေး ယာဉ်များ အပါအဝင် လက်နက်ခဲယမ်း အမြောက်အမြားကို သိမ်းဆည်းရမိခဲ့ကြောင်း ကချင် သတင်းရင်းမြစ်များထံမှ သိရသည်။
အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်တပ်ဘက်မှ အလောင်း ခုနှစ် လောင်းနှင့် အရှင်ဖမ်းဆီးရမိသူ သုံ့ပန်း ကိုးဦးအထိ ရှိခဲ့ကြောင်းလည်း သိရသည်။
အလားတူ စက်တင်ဘာ ၂၈ ရက်နေ့တွင် အင်းတော်ကြီးမြို့၊ ဟဲပါးသို့ စစ်ကြောင်းထိုးလာသည့် စစ်တပ် စစ်ကြောင်းကို KIA ဘက်မှ ကြားဖြတ် တိုက်ခိုက်ခဲ့ရာ သင်တန်းဆင်း ပြည်သူ့စစ်များနှင့် စစ်တပ်မှ ဗိုလ်ကြီးတစ်ဦး ကျဆုံးခဲ့ပြီး အလောင်းအား ထမ်းဆွဲကာ ဆုတ်ခွာထွက်ပြေးသွားခဲ့သည်ဟု သတင်းရင်းမြစ်များထံက သိရသည်။