ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၈ ရက်
တနင်္ဿာရီတိုင်း၊ ထားဝယ်ခရိုင်းအတွင်းရှိ မြို့နယ်လေးမြို့နယ်တွင် ရေကြီးရေလျှံမှုနှင့် တောင်ပြိုမှုများကြောင့် သေဆုံးသူဆယ်ဦးကျော်နေပြီဖြစ်ပြီး ပျောက်ဆုံးသူများလည်းရှိနေကြောင်း ဒေသခံများထံက သိရသည်။
စက်တင်ဘာ ၂၅ ရက်မှစတင်ကာ ထားဝယ်ခရိုင်အတွင်း မိုးသည်ထန်စွာရွာသွန်း၍ လောင်းလုံမြို့နယ်၊သရက်ချောင်းမြို့နယ်၊ထားဝယ်မြို့နယ်နှင့် ရေဖြူမြို့နယ်တို့တွင် ရေကြီးမှုများဖြစ်ပေါ်နေခြင်းဖြစ်သည်။ ထို့ပြင်တောင်များပြိုကျနေသဖြင့် လမ်းများပိတ်နေသည့်အတွက် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ နှောင့်နှေးကြန့်ကြာနေကြောင်း သိရသည်။

လောင်းလုံမြို့နယ်တွင်အဆိုးရွားဆုံးခံစားနေရပြီး ကဒက်ငယ်ရွာတွင် ရုပ်အလောင်း ခုနှစ်လောင်းရရှိထားပြီး ၁၀ဦးကျော် ပျောက်ဆုံးနေကြောင်း သိရသည်။ ရရှိထားသော ရုပ်အလောင်းများမှာ သံဃာတစ်ပါး၊ ကလေး သုံး ဦးနှင့် အမျိုးသမီး (၃) ဦးတို့ဖြစ်ကြောင်း သိရသည်။
ရေကြီးရေလျှံမှုများကြောင့် အဆက်အသွယ်ပြတ်တောက်နေသည့်အတွက် ပြည်ပရောက်မိသားစုဝင်များက မိသားစုဝင်များအတွက် စိုးရိမ်ပူပန်နေကြောင်း ဧရာတတီတိုင်းမ်ကိုပြောသည်။
“စက်တင်ဘာ ၂၅ ရက်စဖြစ်နေတာ ၂၆ ရက်မှာ စဖြစ်တယ်။ ၂၅ ရက်နေ့ကတည်းက ကျွန်တော်တို့ကျေးရွာတစ်ရွာလုံးရေပြင်ဖြစ်နေပြီ။ အဲဒီမှာတစ်ရွာလုံး၊ တောင်ပိုင်းရယ် မြောက်ပိုင်းရယ် ရွာလယ်ပိုင်းတွေရေမြှပ်နေပြီ။ အဲဒီအချိန်မှာ ၂၆ ရက်မှာရေပိုပြီးများလာတယ်။ ၂၆ ရက်နေ့မှာ ဖုန်းဆက်ပြောလို့ရသေးတယ်။ ကျွန်တော်တို့အိမ်မှာဆိုရင် သကျက်တောတောင်ပိုင်းမှာဆိုရင်လေ ရေ နှစ်ပေလောက်ရှိပြီ။ အိမ်ပေါ်တက်နေတာ။ အဲဒီနောက်ပိုင်း၂၆ ရက်နေ့ နေ့လယ်ပိုင်းမှာ ဖုန်းလိုင်းက ဆက်သွယ်ပြတ်သွားလို့ စိုးရိမ်လို့ကျွန်တော်တို့လည်း ဖုန်းဆက်လို့မရတော့ဘူး။ ကျွန်တော်တို့ စိုးရိမ်နေရတာရှိတယ်။ နောက်၂၇ ရက်နောက်ပိုင်းလုံးဝဆက်သွယ်လို့မရဘူး ” ဟု ထိုင်းနိုင်ငံရောက် သကျက်တောရွာဇာတိ အမျိုးသားတစ်ဦးက ပြောသည်။

လက်ရှိရေကြီးရေလျှံနေသာဒေသများတွင် ပရဟိအဖွဲ့များနှင့် အတူပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ပြီး စက်ယန္တရားများကူညီဆောင်ရွက်ပေးရန် အမြန်ဆုံးစီစဉ်နေကြောင်းက ရွေးတုအစိုးရဝန်ကြီး ဇော်နိုင်ဦးက ပြောကြားသည်။
လက်ရှိတွင် လောင်းလုံးမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၃၀ ခန့်တွင် ဒေသခံသောင်းနှင့်ချီရေဘေးသင့်နေပြီး တောင်ပြိုမှုကြေင့်အသက်သေဆုံးမှုရှိကြောင်း Democracy Movement Strike Committee-Dawei (DDMSC) က ထုတ်ပြန်သည်။
ကယ်ဆယ်ရေးအဖွဲ့အစည်းများ၊ ကယ်ဆယ်ရေးယာဥ်များ၊ ထောက်ပံ့ရေးယာဥ်များအားလုံး သက်ဆိုင်ရာနယ်မြေများအတွင်း အဆင်ပြေစွာ သွားရောက်နိုင်စေရန်အတွက် တပ်ရင်း၊တပ်ဖွဲ့များနှင့် နယ်မြေခံတော်လှန်ရေး တပ်ဖွဲ့များအနေဖြင့် ကယ်ဆယ်ရေးလုပ်ငန်းစဥ်များတွင် ပူးပေါင်းပါဝင်ပေးကြပါရန် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအောက်ရှိ တနင်္သာရီတိုင်းစစ်ဌာန၊ နည်းဗျူဟာ (၃၃) က တိုက်တွန်းထုတ်ပြန်ထားသည်။
ဓာတ်ပုံ – လူမှုကွန်ရက်