‎ဧရာဝတီတိုင်းမ်
‎စက်တင်ဘာ ၂၈ရက်
‎

‎‌ရွေးတုအစိုးရစစ်တပ်၏ အနောက်တောင်တိုင်းစစ်ဌာနချုပ် (နတခ) လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့များသည် ဧရာဝတီ-ရခိုင်အစပ်တိုက်ပွဲများနှင့် ရခိုင်အတွင်းရှိ စစ်တွေ၊ ကျောက်ဖြူမြို့နယ်များသို့ စစ်ကူအဖြစ် အများအပြား စေလွှတ်ခံခဲ့ရသော်လည်း၊ စစ်ဆင်ရေးများ ပျက်ပြယ်ကာ စစ်ရှုံးစစ်ပန်းဖြစ်ပြီး တပ်အချို့ ပြန်လည်ဆုတ်ခွာလာကြောင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။
‎
‎

ရခိုင်နှင့် ရခိုင်အစပ်ဒေသများတွင် ဖော်ဆောင်ခဲ့သည့် “ရန်နိုင်အောင် စစ်ဆင်ရေး” နှင့် “၄၉၂၆ စစ်ဆင်ရေး” တို့မှာ တော်လှန်ရေးတပ်ဖွဲ့များ၏ ခုခံတွန်းလှန်မှုကြောင့် စစ်ဦးကျိုးသွားခဲ့ပြီး ရခိုင်တောင်ပိုင်း စစ်ဆင်ရေးအစီအစဉ်များလည်း ပျက်ပြယ်လုနီးပါးဖြစ်‌နေသည်။
‎
‎

“ဧရာဝတီတိုင်းကတပ်ရင်းတွေပဲ။ အဓိကက သာပေါင်း၊ ရေကြည်၊ လေးမျက်နှာက အေအေရဲ့တိုက်စစ်ကြောင့် အင်အားတွေပြုန်းသွားတာမို့လို့ တပ်ဖွဲ့တွေကို နောက်တန်းတွေကိုပြန်ခေါပြီး ပြန်လည်စုဖွဲ့ လုပ်နေရတဲ့အနေအထားမျိုးပါ” ဟု CDMဗိုလ်ကြီး ဇင်ယော်က ဧရာဝတီတိုင်းမ်ကိုပြောသည်။
‎
‎

ထိုကဲ့သို့ စစ်မျက်နှာပြင်တွင် အထိနာပြီး စစ်ပန်း စစ်ရှုံးလာသည့် တပ်ဖွဲ့ဝင်များကို ဧရာဝတီတိုင်းအတွင်းရှိ မူလတပ်ရင်းများသို့ ပြန်လည်ခေါ်ယူခဲ့ကြောင်း သိရသည်။
‎

‎”ပုသိမ်ကိုပြန်ဝင်တယ်ဆိုတော့ ရခိုင်ပြန်နဲ့ ဧရာဝတီကနေ ရခိုင်ကမ်းတက်စစ်ဆင်ရေးက တပ်ဖွဲ့တွေဖြစ်ဖို့များပါတယ်။ အဲဒီ့ဒေသက တပ်တွေကို ကြက်ကု ကုဖို့ပြန်ခေါ်တာနေပါလိမ့်မယ်” ဟု စစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
‎

‎စစ်တပ်လက်အောက်ခံ သတင်းစာများတွင်မူ ပြန်လည်ဆုတ်ခွာလာသည့် ဖြစ်စဉ်ကို “နိုင်ငံတော်တည်ငြိမ်ရေးနှင့် နယ်မြေအေးချမ်းသာယာရေးအတွက် စစ်ဆင်ရေးတာဝန်များ ထမ်းဆောင်ခဲ့သည့် ရှေ့တန်းပြန် နိုင်ငံသားကောင်း တပ်မတော်သားများအား ဂုဏ်ပြုကြိုဆို” ဆိုသည့် ခေါင်းစဉ်ဖြင့် ဝါဒဖြန့်ကာ စက်တင်ဘာ ၂၈ရက်တွင် သတင်းဖော်ပြခဲ့သည်။
‎
‎

အဆိုပါ သတင်းဖော်ပြချက်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ နယ်မြေခံတပ်ရင်း၌ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအေးကျော်၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်ကျော်ခိုင်နှင့် တာဝန်ရှိသူများက စစ်သည်များကို ဂုဏ်ပြုကြိုဆိုပွဲ ကျင်းပပေးခဲ့ကြောင်း ရေးသားထားသည်ကို တွေ့ရသည်။
‎
‎

ဧရာဝတီတိုင်းအတွင်း စစ်ရေးရှုံးနိမ့်မှုများနှင့် စစ်တွေ၊ ကျောက်ဖြူနှင့် နယ်စပ်အစပ်ဒေသများတွင် အထိနာလာသည့် စစ်တပ်သည် ဧရာဝတီတိုင်းကို အခြေပြု၍ စစ်အင်အား ပြန်လည်စုစည်းရန် ကြိုးပမ်းနေသော်လည်း တော်လှန်ရေးတပ်ဖွဲ့များ၏ စစ်ရေးထိုးစစ်များကြောင့် နယ်မြေစိုးမိုးနိုင်စွမ်း ပိုမိုကျဆင်းလာနေသည်ကို မြေပြင်သတင်းများအရ သိရသည်။
‎

‎ထို့ကြောင့် ဂုဏ်ပြုကြိုဆိုပွဲ စသည့် ပုံရိပ်ကောင်းများဖန်တီး၍ သတင်းစာများမှတစ်ဆင့် ဝါဒဖြန့်ခြင်းဖြင့် ထိခိုက်သွားသည့် စစ်တပ်၏ ပုံရိပ်ကို အဖတ်ဆည်ရန် ကြိုးပမ်းနေခြင်းဖြစ်သည်ဟု စစ်ရေးလေ့လာသူများက သုံးသပ်သည်။